မူးယစ်ဆေးမှောင်ခိုမှုတွင် ဟွန်ဒူးရပ်စ်သမ္မတဟောင်း ပါဝင်ပတ်သက်နေကြောင်းတွေ့ရှိ
ALynn (NSS) - မတ် ၉
ဟွန်ဒူးရပ်စ်သမ္မတဟောင်း ဂျူအန်အော်လန်ဒို ဟာနန်ဒက်ဇ်၊ အသက် ၅၅ နှစ်သည် ၎င်း၏နိုင်ငံ နှင့် အမေရိကန်သို့ ကိုကင်းများ တင်ပို့သည့် ကိစ္စရပ်များတွင် ပါဝင်နေခြင်းကြောင့် နယူးယောက်မြို့နယ် တရားခွင်၌ အပြစ်ရှိကြောင်း စွဲချက်တင်ခဲ့သည်။
မတ်လ ၈ ရက် (သောကြာနေ့)တွင် နယူးယောက်တောင်ပိုင်းခရိုင်တရားရုံးမှ တရားသူကြီးတစ်ဦးသည် သီတင်းနှစ်ပတ်ကြာ အမှုစစ်ပြီးနောက် ဟာနန်ဒက်ဇ်အား မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် လက်နက်လက်ဝယ်ထားရှိမှုဆိုင်ရာ ပြစ်မှုများအတွက် စီရင်ချက်ချခဲ့သည်။ ၎င်းအားစွဲဆိုထားသော ရာဇ၀တ်မှုသုံးခုတွင် ကိုကင်းကို အမေရိကန်သို့ တင်သွင်းရန် ပူးပေါင်း ကြံစည်မှု၊ ကိုကင်းတင်ပို့မှုတွင် အဆင်ပြေချောမွေ့စေရန် “စက်သေနတ်များနှင့် အဖျက်လက်နက်များ” သယ်ဆောင်မှု၊ ၎င်း၏ရည်မှန်းချက်များအတွက် အဆိုပါ လက်နက်များကို အသုံးပြုရန် ပူးပေါင်းကြံစည်မှုတို့ဖြစ်သည်။ နောက်ဆုံးစွဲချက်နှစ်ခုသည် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်သည်။ အမေရိကန်အစိုးရရှေ့နေများက ဟာနန်ဒက်ဇ်သည် ကမ္ဘာ့အကြီးဆုံး ကိုကင်းမှောင်ခိုကူးသူများနှင့် ပူးပေါင်းကာ ဟွန်ဒူးရပ်စ်နိုင်ငံကိုဖြတ်သွားသော တင်ပို့မှုများအတွက် ၎င်း၏အာဏာကို အသုံးပြုနေကြောင်း စွပ်စွဲခဲ့သည်။
ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဟာနန်ဒက်ဇ်သည် ၎င်း၏ နိုင်ငံရေးအသက်မွေးဝမ်းကြောင်းကို ပိုမိုတိုးတက်စေရန် လာဘ်ငွေများရရှိခဲ့ကြောင်း အစိုးရရှေ့နေများက ဆိုသည်။ သာဓကအားဖြင့် ဟာနန်ဒက်ဇ်သည် ၂၀၁၃ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်နေစဉ် သြဇာကြီးမားသော မက္ကဆီကိုမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ခေါင်းဆောင် El Chapo Guzman ထံမှ ဒေါ်လာ ၁ သန်းခန့် လက်ခံခဲ့သည်ဟုသိရသည်။ ဟာနန်ဒက်ဇ်သည် ၎င်းအပေါ်စွဲဆိုချက်များကို ငြင်းဆိုခဲ့ပြီး ၎င်း၏အဖွဲ့က ပြစ်ဒဏ်များလျော့ပါးစေရန် သက်သေများကို ဖျက်ဆီးဖို့ကြိုးစားခဲ့သည်။ သို့သော် ဟာနန်ဒက်ဇ်သည် အမေရိကန်သို့ ကိုကင်းတင်ပို့ရန်အတွက် ဟွန်ဒူးရပ်စ်ကို အဝေးပြေးလမ်းမကြီး အဖြစ်အသုံးချခဲ့ပြီး နိုင်ငံတော်အာဏာကို အပြည့်အဝအသုံးချခဲ့ကြောင်း တရားစွဲဆိုချက်များက ဖော်ပြနေသည်။
ဟာနန်ဒက်ဇ်၏ ရာထူးသက်တမ်းနှစ်ခုဖြစ်သော ၂၀၁၄ မှ ၂၀၂၂ ခုနှစ်အထိ အရှုပ်တော်ပုံများ ဆက်တိုက်ဖြစ်ပေါ်နေပြီး အမေရိကန်တွင် ၎င်းအားရုံး တင်စစ်ဆေးမှုကို ပြည်တွင်းနှင့် အမေရိကန်နိုင်ငံတွင်းရှိ ဟွန်ဒူးရပ်စ်များက အနီးကပ် စောင့်ကြည့်ခဲ့ပြီး အချို့မှာ တရားရုံးအပြင်ဘက်တွင် ဆန္ဒပြခဲ့ခြင်းများ ပြုလုပ်ခဲ့ကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ပြီး စစ်သား(၂)ဦးအပါအဝင် လူ(၃)ဦးသေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း