အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်လာနိုင်သည့်အတွက် ရုရှားနိုင်ငံ မော်စကိုမြို့သို့ မသွားရောက်ရန် အမေရိကန်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - မတ် ၉
ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး ရုရှား နှင့် အမေရိကန်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးက အမေရိကန်နိုင်ငံသားများကို ၂ ရက်အတွင်း မော်စကိုမြို့သို့ စုရုံးလာရောက်ခြင်းမျိုး ရှောင်ရှား ရန် မတ်လ ၈ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
အကြမ်းဖက်သမားများသည် ရုရှားနိုင်ငံ မြို့တော် မော်စကိုမြို့သို့ ပစ်မှတ်ထားကာတိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ် နေသည့်အတွက် အမေရိကန်နိုင်ငံသားများ မော်စကိုမြို့တွင် စုရုံးလာရောက်ခြင်းများ မလုပ်ဆောင်သင့်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်လိုက်သည်။
အမေရိကန်သံရုံးက "အကြမ်းဖက်အုပ်စုတွေဟာ ဂီတပွဲများအပါအဝင် မော်စကိုမြို့မှာ ကြီးမားတဲ့ လူစုလူဝေးတွေ ကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ အစီအစဉ်နေတယ်။ သံရုံးဟာ အဲဒီအခြေအနေတွေကို စောင့်ကြည့်နေရတယ်။ အမေရိကန်နိုင်ငံသားတွေဟာ မော်စကိုမြို့မှာ ပြုလုပ်မယ့် ပွဲတွေကို စုရုံးသွားရောက်တာမျိုး မလုပ်သင့်ဘူး။ လာမယ့် ၂ ရက်အတွင်း မော်စကိုမြို့ကို စုရုံးသွားရောက်တာမျိုး မလုပ်သင့်ဘူး" ဟု ပြောသည်။
အမေရိကန်နိုင်ငံသားများအနေဖြင့် သံရုံးထုတ်ပြန်ချက်များကို လိုက်နာရန် နှင့် သတင်းဌာနများကို အဆက်မပြတ် သတိထားလေ့လာကြရန် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပြောသည်။ မတ်လ ၈ ရက်သည် နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ရာ ရုရှားနိုင်ငံတွင် အားလပ်ရက်ဖြစ်ပြီးလူအများ စုရုံး သွားလာလှုပ်ရှားမှုများရှိနေကြောင်း သိရသည်။
ရုရှား နှင့် အမေရိကန်နိုင်ငံတို့သည် လက်ရှိအချိန်တွင် ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး တင်းမာမှုအရှိန်မြင့်တက်နေ ကာ အမေရိကန်သံတမန်များကို နှင်ထုတ်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သောရက်ပိုင်းတွင် သတိပေးထားသည်။ ရုရှားနိုင်ငံတွင် နွေဦးရာသီ ပွဲတော်များကျင်းပနေရာ အမေရိကန် အပါအဝင် နိုင်ငံခြား ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိနေကြောင်း သိရသည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက်သမား ပစ်မှတ်ထားတိုက်ခိုက်နိုင်သည့် အန္တရာယ်ရှိသည်ဟု ဖော်ပြထားသော်လည်း မည့်သည့်အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည် ဆိုသောအချက်ကို အတိအကျဖော်ပြခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ရုရှားအစိုးရက အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တုံ့ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပိုင်နက်နယ်မြေအတွင်း ဝင်ရောက်လာမည့် တရုတ်တိုက်လေယာဉ်များ နှင့် စစ်သင်္ဘောများကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း