တရုတ်နိုင်ငံသို့ ကာကွယ်ရေးသတင်းအချက်အလက်များ ရောင်းချခဲ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် အမေရိကန် စစ်သားတစ်ဦး ဖမ်းဆီးခံရ
Pika (NSS) - မတ် ၈
အမေရိကန်စစ်တပ် ထောက်လှမ်းရေးလေ့လာဆန်းစစ်သူတစ်ဦးသည် တရုတ်နိုင်ငံသို့ နိုင်ငံ၏ကာကွယ်ရေး သတင်းအချက်အလက်များ ထောက်ပံ့ပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် မတ်လ(၇)ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရ ကြောင်း သိရသည်။
ထိပ်တန်းလျှို့ဝှက်လုံခြုံရေးရှင်းလင်းချက်များ လုပ်ဆောင်ခဲ့သည့် တပ်ကြပ်ကြီး ကော်ဘိုင်ရှတ်ဇ်ကို ကန်တက်ကီ-တန်နက်စီပြည်နယ် နယ်စပ်ရှိ စစ်အခြေစိုက်စခန်း Fort Campbell တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရားရေးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
ကော်ဘိုင်ရှတ်ဇ်သည် အရေးကြီးသောစစ်ဘက်ဆိုင်ရာအချက်အလက်များအား မည်သည့်နိုင်ငံကို ထောက်ပံ့ပေးခဲ့ သည်ဆိုသည့်အချက်ကို ၎င်း၏ တရားစွဲဆိုချက်တွင် ဖော်ပြထားခြင်းမျိုးမရှိသော်လည်း သတင်းမီဒီယာများက အဆိုပါနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ ကော်ဘိုင်ရှတ်ဇ်သည် ၂၀၂၂ ခုနှစ် ဇွန်လမှစတင်ပြီး အမေရိကန်အမျိုးသားကာကွယ်ရေးနှင့်ပတ်သက်သည့်စာရွက်စာတမ်းများ၊ မြေပုံများ နှင့် ဓါတ်ပုံများကို ဟောင်ကောင်တွင် ဆက်သွယ်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း တရားစွဲဆိုချက်တွင် ဖော်ပြထားသည်။
ကော်ဘိုင်ရှတ်ဇ်သည် အဆိုပါသတင်းအချက်အလက်များအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ(၄၂၀၀၀) ရရှိခဲ့ ကြောင်းလည်း စွပ်စွဲခံထားရသည်။ ကော်ဘိုင်ရှတ်ဇ် ရောင်းချခဲ့သော အချက်အလက်များထဲတွင် ထိုင်ဝမ်ကျွန်းကို စစ်ရေးအရ တိုက်ခိုက်ခံရမှုအတွင်း အမေရိကန်၏ အလားအလာရှိသော အစီအစဉ်များအကြောင်းလည်း ပါဝင် ကြောင်း တရားရေးဌာနက ပြောကြားခဲ့သည်။
ထို့အပြင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ အသံထက်မြန်သော စက်ပစ္စည်းကိရိယာများ၊ High Mobility Artillery Rocket System (HIMARS)တို့နှင့်ဆက်စပ်သည့် စာရွက်စာတမ်းများ၊ အမေရိကန်နှင့် တရုတ်တို့၏ စစ်ဘက်ဆိုင်ရာလေ့လာမှုများလည်း အဆိုပါအချက်အလက်များထဲတွင် ပါဝင်ခဲ့ကြောင်း တရားရေးဌာနက ပြော ကြားခဲ့သည်။
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးသည်ဆိုသည့်စွပ်စွဲချက်ဖြင့် အမေရိကန်ရေတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးကို ကယ်လီ ဖိုးနီးယားပြည်နယ်တွင် ဖမ်းဆီးခဲ့ပြီးနောက် ကော်ဘိုင်ရှတ်ဇ်၏ ဖမ်းဆီးခံရမှုထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသကို အကူအညီပေးရေးအတွက် ယာယီဆိပ်ကမ်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထုတ်ပြန်ကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း