ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီသယ်ယာဉ်တစ်စီး ဘီးပေါက်၍ တိမ်းမှောက်မီးလောင်ခဲ့ရာ ဆီဂါလံ(၉၀၀၀)နီးပါး ဆုံးရှုံး
သန့်ဇင် (NSS) - မတ် ၆
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီသယ်ယာဉ်တစ်စီး ဘီးပေါက်၍တိမ်းမှောက်မီးလောင်ခဲ့ရာ ဆီဂါလံ(၉၀၀၀)နီးပါး ဆုံးရှုံးခဲ့ကြောင်း ပျော်ဖွယ်မြို့နယ်မီးသတ်ဦးစီမှူးထံမှ သိရသည်။
အဆိုပါဆီသယ်ယာဉ်မီးလောင်မှုသည် ယနေ့(မတ်လ ၆ ရက်)၊ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တ လေး လမ်းဟောင်း၊ ယင်းတော်ကျေးရွာ၊ မိုင်တိုင်အမှတ် ၂၉၇ မိုင်၊ ၁ဖာလုံ၊ ဘုန်းကျော်သာ စက်သုံးဆီဆိုင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဆီကားက ရန်ကုန်သီလဝါဆိပ်ကမ်းကနေ မန္တလေးဘက်ကိုမောင်းလာတာမှာ လမ်းဘေးစက်သုံးဆီဆိုင်ရှေ့မှာ ညာဘက်ရှေ့ဘီးပွင့်ပြီးတော့ အရှိန်မထိန်းနိုင်ပဲနဲ့ ဘယ်ဘက်ကိုပြောင်းပြန်လည်ပြီးတော့ မှောက်သွားတာ။ အဲဒီမှာ အရှိန်ပြင်းတော့ ကတ္တရာလမ်းနဲ့ ဆီသယ်ယာဉ် ကိုယ်ထည်နဲ့ ရိုက်မိတာမှာ အစထွက်ပြီး မီးလောင်တာပါ” ဟု ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးမှူးက NSS ကိုပြောသည်။
အဆိုပါဆီသယ်ယာဉ် တိမ်းမှောက်မီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း 92 ဓာတ်ဆီ၊ Disel နှင့် Premium Diesel ဆီဂါလံ ပေါင်း (၈၈၀၀)ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“လူထိခိုက်တာတော့မရှိပါဘူး။ ဆီတွေတော့ မီးလောင်သွားတာပေါ့။ ဆီကအကုန်လုံးမလောင်ပေမဲ့ ကျန်တဲ့ဆီတွေလည်း သုံးလို့မရ တော့တာပေါ့။ အနားမှာရှိတဲ့ စက်သုံးဆီဆိုင်ကိုလည်း မီးမကူးလို့တော်သေးတာပေါ့။ ဒါပေမဲ့ ဒီမီးလောင်မှုကို တော်တော်လေးလည်း ထိန်းချုပ်ခဲ့ရပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် ၎င်းဆီသယ်ယာဉ်မီးလောင်မှုဖြစ်စဉ်ကို ပျော်ဘွယ်မီးသတ်စခန်းမှမီးသတ်ယာဉ်(၅)စီး၊ ယင်းတော်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီးနှင့် မိတ္ထီလာမြို့မီးသတ်စခန်းမှမီးသတ်ယာဉ်(၄)စီးတို့ဖြင့် တစ်နာရီခန့်အကြာ သွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
“စက်သုံးဆီကားတွေက ရန်ကုန်-မန္တလေးလမ်းမှာ တစ်နေ့ကို အစီး(၂၀၀)လောက်ဖြတ်နေကြတယ်။ အဲဒီလိုဖြတ်တော့ ဘာဖြစ်ကြ လဲဆိုတော့ တစ်စီးနဲ့တစ်စီးက အမြန်ရောက်ချင်လို့ အရှိန်ပြင်းစွာမောင်းနှင်ကြတယ်။ အဲဒီလိုမောင်းကြတော့ သူတို့တွေက စိတ်စောပြီး အခုလိုမျိုးတွေ မကြာမဏဖြစ်တယ်။ ပြီးခဲ့တဲ့ လပိုင်းလောက်ကပဲ ဆီသယ်ယာဉ်တစ်စီးတိမ်းမှောက်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ဖူးတယ်။ အဓိကတော့ အခုလိုဖြစ်စဉ်တွေကြောင့် ယာဉ်လည်းဆုံးရှုံးတယ်။ ဆီလည်း ဆုံးရှုံးတယ်။ အဲဒါကြောင့် ဆီသယ်ယာဉ်မောင်းတဲ့ ယာဉ်မောင်းတွေ အနေနဲ့ ဂရုစိုက်ပြီးမောင်းနှင်ကြဖို့ပြောချင်ပါတယ်” ဟု ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးမှူးက အကြံပြုပြောသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ရက်တွင်လည်း ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်း၌ ဆီသယ်ယာဉ်တစ်စီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာ ဆီဂါလံပေါင်း(၈၀၀၀)မီးလောင် ဆုံးရှုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုံရွာမြို့ရှိ စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး (၁၇)လုံးခန့်ဖြင့် PDF အဖွဲ့က ပစ်ခတ်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း