ရှို့မီးကြောင့် ဇရပ်ကြီးမြို့မဈေးမီးလောင်ခဲ့ပြီး ဈေးတစ်ခုလုံးနှင့် လူနေအိမ်(၄)လုံး မီးလောင်ပျက်စီး
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မဈေးသည် ရှို့မီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးတစ်ခုလုံးနှင့် လူနေအိမ်(၄)လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း Save The Trees Rescue Team ထံမှ သိရသည်။
ဇရပ်ကြီးမြို့မဈေးသည် ကျုံမခရပ်ကွက်တွင်တည်ရှိခြင်းဖြစ်ပြီး (ဖေဖော်ဝါရီ ၂၃ ရက်)၊ မွန်းလွဲ ၁ နာရီအချိန်က မီး စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မျက်မြင်တွေပြောပြတာတော့ ဈေးထဲကိုသူခိုးဝင်ပြီး မီးရှို့သွားတယ်လို့ပြောတယ်။ အဲဒီကနေ စလောင်တယ်လို့ ပြောကြတယ်” ဟု Save The Trees Rescue Teamမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း မီးများသည့်အတွက် ဇရပ်ကြီးမြို့မဈေးတစ်ခုလုံးနှင့် လူနေအိမ်(၄)လုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“မီးက များသွားပြီး အိမ်(၄)လုံးနဲ့ ဈေးတစ်ခုလုံးပါသွားတယ်။ အဲဒီထဲကမှ အထည်ဆိုင်တွေရော အပ်ချုပ်ဆိုင်တွေ ရော ဈေးနားမှာ ကပ်နေတဲ့ဆိုင်တွေလည်း ပါသွားတယ်။ လူထိခိုက်တာတော့မရှိဘူး။ မီးကတော့ တော်တော်များ လို့ (၅)နာရီလောက်ထိ မီးကြွင်း မီးကျန်တွေ လိုက်ငြှိမ်းနေရသေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် အဆိုပါမီးလောင်မှုအား တောင်ငူခရိုင်မီးသတ်တပ်ဖွဲ့၊ ထန်းတပင်မြို့နယ်မီးသတ်နှင့် ဇရပ်ကြီးနယ်မြေ မီးသတ်နှင့်အတူ ပရဟိတအသင်းများက (၃)နာရီခန့်အကြာ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၄)ခုတွင် ယခုရက်ပိုင်း မြူဆိုင်းမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း