တောင်ကိုရီးယားသို့ မွန်ပြည်နယ်မှ ဆားကြမ်းတန်ချိန် ငါးထောင် တင်ပို့မည်
NSS - ဖေဖော်ဝါရီ ၁၆
တောင်ကိုရီးယားနိုင်ငံသို့ ဆားကြမ်း တင်ပို့ရန်အတွက် လုပ်ဆောင်မှုများ ရှိနေပြီး ၂ဝ၂၄ ခုနှစ်အတွင်း တန်ချိန် ၅၀၀၀ တင်ပို့ရန် လုပ်ဆောင်နေကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းထံမှ သိရသည်။
ယခု ဖေဖော်ဝါရီ ၂၈ ရက်တွင် တန်ချိန် ၅၀၀ ကို တင်ပို့သွားရန်ရှိကြောင်း၊ ထိုတင်ပို့မှု အဆင်ပြေပါက တန်ချိန် ၅၀၀၀ ကို တင်ပို့ရန်အတွက် စာချုပ်ချုပ်ဆိုသွားမည်ဟု မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းမှ သိရသည်။
“ပဏာမစာချုပ် MOU ဆိုပြီးတော့ လက်မှတ်ရေးထိုးပါတယ်။ တန် ၅၀၀၊ ၂၀၂၄ မှာ တန် ၅၀၀၀၊ နောက်နှစ်မှာ တန် ၃၀,၀၀၀ ဆိုပြီးတော့ အဲဒီလိုစာချုပ် MOU ထိုးပါတယ်။ ဒုတိယအဆင့်ကျတော့ ဦးတို့ဆီက တန် ၅၀၀ ကို သူတို့ အရင်ယူမယ်ဆိုပြီးတော့ စာရွက်စာတန်းတွေ လုပ်ခိုင်းနေတယ်။ အနေအထားကတော့ ပထမအဆင့် ပို့ပြီးလို့ အောင်မြင်ရင် ဒုတိယအဆင့်ကို တန် ၅၀၀၀ ထပ်ပြီးတော့ စာချုပ်ချုပ်ဖို့ရှိတယ်” ဟု အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆားလုပ်ငန်းတွင် လိုအပ်ချက်ဖြစ်ပေါ်နေသည့် ဆားများ အဆင့်မြှင့်သန့်စင်ရန် နှင့် အခြောက်ခံရန် စက်များကို သက်ဆိုင်ရာဌာနများမှတဆင့် အထောက်အပံ့ရရန် တင်ပြထားကြောင်း၊ ထို့နောက် အသေးစားလုပ်ငန်းရှင်များ အတွက် ချေးငွေထုတ်ချေးရာတွင် မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းများသည် ဦးစားပေးအဆင့်၌ ပါဝင်ခြင်း ကြောင့် တောင်သူများအနေဖြင့် ဆားများကို အရည်အသွေးမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်မှ ထွက်ရှိသည့် အဆင့်မြင့်ဆားကြမ်းကို တင်ပို့သွားမည်ဖြစ်ပြီး အဓိကအားဖြင့် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များမှ ထွက်ရှိသည့် အရည်အသွေးပြည့်မှီသော ဆားများကို တင်ပို့ရန် လျာထားကြောင်း သိရသည်။ တောင်ကိုရီးယားမှ ဝယ်ယူသည့်ဈေးနှုန်းသည် မြင့်မားခြင်းကြောင့် လာမည့်နှစ်များတွင် တင်ပို့ရန် သဘောတူထားသည့် ဆားတန်ချိန် ၃၀,၀၀၀ ကို ထပ်မံဝယ်ယူပါက မွန်ပြည်နယ်အတွင်းရှိ ဆားများသာမက ဧရာဝတီတိုင်းများမှ ထွက်ရှိသည့်ဆားများကိုလည်း တင်ပို့သွားမည်ဟု သိရသည်။
“သူတို့က ဆားကို သန့်နေမှ သူက ယူမှာတဲ့။ အဲဒါကိုယ့်ဆားကို ရောင်းချင်တယ်ဆိုရင် ဆားသန့်သန့် လုပ်ပေးပါတဲ့။ ဈေးကွက်ကို မျှော်ပြီးတော့လေ ကျွန်တော်တို့က သူသတ်မှတ်ထားတဲ့စံချိန်အတိုင်း ပြည့်မှီဖို့ ကျနော်တို့ ကြိုးစား ရမှာပေါ့။ ကျွန်တော်တို့က သူသတ်မှတ်ထားတဲ့စံချိန်ကို ပြည့်မှီမှ ကျွန်တော်တို့က ရောင်းဝယ်လို့ ရမှာလေ။ အဆင်ပြေလာနိုင်တာပေါ့လေ။ ကိုရီးယားက ဖြုန်းတဲ့ဈေးကွက်ရတော့ အဆင်ပြေတာပေါ့” ဟု ဆားကုန်သည် တစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်း ဆားဧက ၅၀၀၀ ခန့်တွင် ဆားထုတ်လုပ်လျက်ရှိနေပြီး တန်ချိန်အားဖြင့် ၅၀,၀၀၀ ထွက်ရှိ ကြောင်း သိရသည်။ အချို့သော ဆားကွင်းများသည် စံချိန်စံညွှန်းပြည့်မှီအောင် ထုတ်လုပ်နေမှုများ မရှိသည့် အတွက် ထိုတောင်သူများအနေဖြင့် ဆားကြမ်းများကို တောင်ကိုရီးယားသို့ တင်ပို့လိုပါက အရည်အသွေးမြှင့်တင် ရန် လိုအပ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖျာပုံမြို့နယ်၌ ခရီးသည်တင်ကား တိမ်းမှောက်ခဲ့ရာ တစ်ဦး သေဆုံးပြီး (၁၁)ထက်မနည်းထိခိုက်ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း