ပြင်ဦးလွင်မြို့နယ်တွင် ကျပ်သိန်း (၂၇၀၀)ကျော် တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ဆက်လက် ဖော်ထုတ်နေ
Pearl (NSS) - ဖေဖော်ဝါရီ ၁၅
ပြင်ဦးလွင်မြို့နယ်တွင် ကျပ်သိန်း (၂၇၀၀)ကျော် တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ဆက်လက်ဖော်ထုတ်နေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်၊ ညနေ (၃)နာရီခွဲခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေစဉ် နန်းဝင်းကျော် မောင်းနှင်ပြီး နိုင်လင်းထွန်း လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၂ ဒသမ ၂၉၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇၅၇ ဒသမ ၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါနေ့ ညနေ (၆)နာရီ၊ (၄၅)မိနစ်အချိန် ခန့်တွင် အဆိုပါ စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ထိန်လင်းအောင်(ခ)ရန်ပီဖူးအား ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ လမ်းနှင့် ၆၃ လမ်းထောင့်တွင် မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။
အလားတူ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက် (၈)နာရီခန့်တွင်လည်း လီရှင်းဖင်(ခ)ထွန်းထွန်းအား မဟာအောင်မြေမြို့နယ်၊ ၆၅ လမ်းနှင့် ၄၃ လမ်းထောင့်တွင် BORGWARD အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နန်းဝင်းကျော်(၃၁)နှစ်၊ နိုင်လင်းထွန်း(၃၆)နှစ်၊ ထိန်လင်းအောင်(ခ)ရန်ပီဖူး(၂၆)နှစ် နှင့် လီရှင်းဖင်(ခ) ထွန်းထွန်း (၃၁)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားစစ်သင်္ဘောတစ်စီးကို ဖျက်ဆီးကာ နစ်မြုပ်ပစ်နိုင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ထုတ်ပြန်ပြောဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း