အိန္ဒိယနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၁)ဦး သေဆုံး
Pika (NSS) - ဖေဖော်ဝါရီ ၇
အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Prades ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ဖေဖော်ဝါရီလ(၆)ရက်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၁)ဦးသေဆုံးခဲ့ပြီး အခြားလူဒါဇင်ချီထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် Harda ခရိုင်ရှိ မီးရှူးမီးပန်းစက်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကြီးမားသော မီးလုံးများနှင့် မီးခိုးများထွက်နေသည်ကိုတွေ့မြင်ခဲ့ရသည်။ ထို့အပြင် မီးသတ်ကား များသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးသမားများသည် စက်ရုံအတွင်း ပိတ်မိနေသူများကို ကယ်ထုတ်ရန် ကြိုးပမ်းနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ(၁၇၄)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံများသို့ အလျင်အမြန်ပို့ဆောင်ခဲ့ကြောင်း တိုင်းအဆင့် ကော်မရှင်နာ Pawan Kumar Sharma က ပြောကြားခဲ့သည်။
ထို့အပြင် ပေါက်ကွဲမှုအတွင်း အနည်းဆုံးလူ(၁၁)ဦး သေဆုံးခဲ့ကြောင်း Pawan Kumar Sharma က ထပ်မံပြော ကြားခဲ့သည်။ ၎င်းက "နောက်ထပ်ရုပ်အလောင်းတွေ ရှိ/မရှိသိရဖို့အတွက် အပျက်အစီးတွေကို ကျွန်တော်တို့ လိုက်လံစစ်ဆေးနေပါတယ်။ အပျက်အစီးတွေရဲ့ (၅ဝ)ရာခိုင်နှုန်းလောက်ကို ကျွန်တော်တို့ ဖယ်ရှားပြီးပါပြီ" ဟု ပြောခဲ့သည်။
အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ရဲတပ်ဖွဲ့နှင့် ခရိုင်အရာရှိများက ချက်ချင်း ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးဘဲ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်ဆိုသည့်အချက်ကိုသာ ပြောကြားခဲ့ကြကြောင်း သိရသည်။
ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း Madhya Pradesh ပြည်နယ် ဝန်ကြီးချုပ် မိုဟန်ယာဒတ်ဗ်က ပြောကြားခဲ့သည်။ ထို့အပြင် ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့သူများ၏ မိသားစုဝင်များအတွက် လျော်ကြေးငွေအဖြစ် ရူပီး(၂)သိန်းပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီက ကြေညာခဲ့ ပြီး ပြည်နယ်အစိုးရက လျော်ကြေးငွေအဖြစ် ရူပီး(၄)သိန်းစီ ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပစ်မှတ်ထားတိုက်ခိုက်မည့်သင်္ဘောများကို ဆုံးဖြတ်နိုင်ရန် ဟူသီလက်နက်ကိုင်အဖွဲ့ကို အီရန်နိုင်ငံက ကူညီပေးနေကြောင်း အမေရိကန်အကြီးတန်းသံတမန်တစ်ဦး ဝေဖန်ပြောဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း