စစ်တွေ-ရန်ကုန် လေယာဉ်လက်မှတ်ခဈေးနှုန်းများကြီးမြင့်နေပြီး လက်မှတ်အမြန်ရလိုသူများက စျေးအဆမတန်ပေးကာ ဝယ်ယူနေရ
သုတကျော် (NSS) - ဇန်နဝါရီ ၃ဝ
စစ်တွေ - ရန်ကုန် လေကြောင်းခရီးအတွက် လေယာဉ်လက်မှတ်ခစျေးနှုန်းများသည်ယခင်ထက်ကြီးမြင့်နေပြီး လက်မှတ်အမြန်ရလိုသူများက စျေးအဆမတန်ပေးကာ ဝယ်ယူနေရကြောင်း NSS က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
မစောင့်နိုင်သူများက လေယာဉ်လက်မှတ်ခကို စံချိန်တင်စျေးနှုန်းအဖြစ် ကျပ် (၁၀) သိန်းဝန်းကျင်အထိ စျေးကြီးပေးကာ ဝယ်ယူနေရခြင်းမျိုးလည်းရှိနေကာ စစ်တွေမှ ရန်ကုန်သို့ လေကြောင်းခရီးသည် နေ့စဉ်လူများနေကြောင်းလည်း သိရသည်။
“ကျွန်တော်လာတုန်းက လေယာဉ်လက်မှတ်က သုံးသိန်းကိုးသောင်း ပေးရပါတယ်။ အရင်တုန်းကတော့ ပုံမှန်ပေါက်စျေးက အဲဒီလောက်မရှိဘူး။ နှစ်သိန်းကျော်လောက်ပေါ့။ အခုက ဟိုတစ်ရက် နှစ်ရက်က သတင်းကြားတာက လေးသိန်းနီးပါးရှိသွားပြီတဲ့။ (လေယာဉ်စီးဖို့) အရေးကြီးတဲ့ လူတွေက Cancel ဖြစ်သွားတဲ့ လက်မှတ်တွေကို လိုက်ဝယ်ကြတာ လေးသိန်းခွဲ ငါးသိန်း ဖြစ်သွားပြီလို့လည်း သိရပါတယ်”ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တွေလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လေကြောင်းခရီးဖြင့် လာခဲ့သူတစ်ဦးက NSS သတင်းဌာနကို ပြောသည်။
လေယာဉ်အမြန်စီးလိုသူများက အမြန်ကြေးသဘောမျိုး ကြိုက်စျေးပေးနေရသည့် အနေအထားဖြစ်ပြီး အဆိုပါ အချက်သည် လက်မှတ်ခစျေးကြီးရသည့် အကြောင်းအရင်းခံ ဖြစ်ကြောင်းလည်း ၎င်းက သုံးသပ်သည်။
“လေယာဉ်က လူပြည့်တယ်။ လေယာဥ်လက်မှတ်ကို ဒီလထဲမှာ ဖြတ်ရင်တောင် ဒီလထဲမှာ မရတော့ဘူး။ သုံးလပိုင်းလောက်မှ ရမယ်။ ဒီလထဲမှာ လာဖို့အတွက်ကို ဟိုရှေ့လကတည်းက ဒီလ ၁၈ ရက်အတွက် လက်မှတ်ဖြတ်ထားတာ။ ပြီးတော့မှ ကျွန်တော် တကယ်လက်မှတ်ရတဲ့ရက်က နောက်ဆုတ်သွားသေးတယ်”ဟု ၎င်းက ပြောသည်။
လေယာဉ်လက်မှတ်ခသည် ယခုလပိုင်းအတွင်း ပိုမိုစျေးတက်လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်းက လေယာဉ်လက်မှတ်ဖြတ်ခဲ့ရာတွင် သုံးသိန်းငါးသောင်းကျပ် ကျသင့်ခဲ့ကြောင်း ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောသည်။
“ကျွန်တော်လက်မှတ်ရဖို့ အတွက်က ကိုးရက်လောက် စောင့်ခဲ့ရပါတယ်။ စျေးကြီးနေတာတွေ ကြားတယ်။ ခြောက်သိန်း ခုနှစ်သိန်းကျော် ဆယ်သိန်းနီးပါးအထိတောင် ပေးနေရတာတွေ ရှိတယ်လို့သိရတယ်။ အရေးကြီးပြီး အမြန်လိုတဲ့သူတွေက အဲဒီစျေး ပေးဝယ်နေကြတယ်လို့ ထင်ပါတယ်။ လေယာဉ်ကတော့ ပြည့်တယ်။ ကျွန်တော်တို့ လေယာဉ်နဲ့ ရှေ့ဆင့်နောက်ဆင့်က လေယာဉ် သုံးစီးလေးစီးလောက်ရှိတယ်။ ကျွန်တော်တို့ စီးလာတဲ့ လေယာဉ်ကလည်း အပြည့်ပဲ”ဟု ၄င်းကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၃ဝ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း