ကရင်ပြည်နယ်တွင် ဇန်နဝါရီလပထမပတ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် သီလရှင်နှစ်ပါးနှင့် အမျိုးသားတစ်ဦးဒဏ်ရာရခဲ့
ကျော်(NSS) - ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း၌ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများကြောင့် သီလရှင်နှစ်ပါး နှင့် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများ နှင့် KNU ဗဟိုတို့ထံမှ သိရသည်။
ဖြစ်စဥ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်၊ နံနက် ၁၁ နာရီခွဲကျော်ခန့်က ကျုံဒိုးမြို့နယ်၊ ကော့ဝါလဲကျေးရွာရှိ အေးချမ်းသာယာတောရကျောင်း၏ နှစ်ထပ်ကျောင်းဆောင်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ထပ်ကျောင်းဆောင်ပျက်စီးခဲ့ပြီး အသက် (၁၃)နှစ်အရွယ်နှင့်အသက်(၁၆)နှစ်အရွယ်ရှိ သီလရှင်နှစ်ပါးတွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ကျုံဒိုးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
"လက်နက်ကြီးပစ်ခတ်တာတွေရှိတယ်။ ၇ ရက်နေ့ကဖြစ်စဥ်မှာဆိုရင် သီလရှင်လေးနှစ်ပါးဒဏ်ရာရတယ်။ အခင်းဖြစ်တဲ့ အေး ချမ်းသာယာကျောင်းကနေသွားခေါ်ပြီး ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ အခုဆေးရုံမှာပဲဆေးကုသမှုခံယူနေကြပါတယ်။ စိုးရိမ်စရာတော့မရှိပါဘူး"ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်၊ မွန်းတည့် ၁၂ နာရီခန့်ကလည်း ကျုံဒိုးမြို့နယ်၊ ဝိတ်ဇာကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းနှင့်နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်း၏ စောင်းတန်းနှင့် သိမ်တစ်လုံး၊ နေအိမ်တစ်လုံး၏ အိမ်အရှေ့ဘက်ခြမ်းတို့ပျက်စီးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းမှ အသက်(၇၀)နှစ်ကျော်ရှိ အမျိုးသားကြီးတစ်ဦးတွင်လည်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
လက်နက်ကြီးကျည်စထိမှန်ခဲ့သူအား ဒေသခံလူမှုကူညီရေးအသင်းဝင်များက ကျုံဒိုးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြသဖြင့် လက်ရှိအချိန်၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနယ်စပ်မြို့တွေကို ယူကရိန်းဘက်က ပစ်ခတ်လိုက်တဲ့ကျည်ဆံတွေ မကျရောက်အောင် အရာရာတိုင်းလုပ်ဆောင်မယ်လို့ ရုရှားအစိုးရပြော
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ