တရုတ်သမ္မတရှီကျင့်ဖျင်က စစ်မှန်သော ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ရုရှားသမ္မတပူတင် ထုတ်ဖော်ပြော
Pika (NSS) - အောက်တိုဘာ ၁၆
ရုရှားသမ္မတပူတင်က တရုတ်သမ္မတရှီကျင့်ဖျင်သည် ၎င်း၏လှုပ်ရှားမှုများအားလုံးကို ရေရှည်ရည်မှန်းချက်များဖြင့် လုပ်ဆောင်ပေးသည့် စစ်မှန်သော ကမ္ဘာ့ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ပူတင်က "ရှီကျင့်ဖျင်ဟာ အသိအမှတ်ပြုခံထားရတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲက တစ်ယောက်ပါ။ ရှီကျင့်ဖျင်ဟာ လက်ရှိဖြစ်ရပ်အချို့အပေါ် အခြေခံပြီးတော့ ခဏတာဆုံးဖြတ်ချက်တွေကို မချပါဘူး။ သူက အခြေအနေတွေကို အကဲဖြတ်တာမျိုးတွေ၊ ခွဲခြမ်းစိတ်ဖြာတာမျိုးတွေလုပ်ပြီးတော့ အနာဂတ်ကို ကြည့်ပါတယ်" ဟု ပြောခဲ့သည်။
တရုတ်သမ္မတရှီကျင့်ဖျင်သည် ရုရှားအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်တစ်ဦးဖြစ်ကြောင်း ပူတင်က ပြောခဲ့သည်။ ပူတင်က "ကျွန်တော်တို့ ရှီကျင့်ဖျင်နဲ့သဘောတူညီချက်တစ်ခုခုလုပ်ခဲ့မယ်ဆိုရင် အဲဒီသဘောတူညီ ချက်က နှစ်ဖက်လုံးအတွက် ကျေနပ်စရာရလဒ်ထွက်မယ်ဆိုတာ အသေအချာပါပဲ" ဟု ပြောခဲ့သည်။
ရုရှားသမ္မတပူတင်သည် အောက်တိုဘာလ(၁၇)ရက် နှင့် (၁၈)ရက်တို့တွင် ကျင်းပမည့် ပိုးလမ်းမရပ်ဝန်း စီမံကိန်း ဖိုရမ်တွင် ပါဝင်ရန်အတွက် စီစဉ်ထားကြောင်းလည်း သိရသည်။ အာရှအလယ်ပိုင်းတွင် အခြေခံအဆောက်အဦး များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုများကိုမြှင့်တင်ရန် ရည်ရွယ်သည့် ပိုးလမ်းမရပ်ဝန်းစီမံကိန်းဖိုရမ်ကို ၂ဝ၁၃ ခုနှစ်တွင် တရုတ်သမ္မတရှီကျင့်ဖျင်က စတင်တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအချိန်မှစတင်ပြီး နိုင်ငံများ နှင့် အဖွဲ့အစည်းပေါင်း(၁၅ဝ)ကျော်သည် တရုတ်နိုင်ငံဦးဆောင်သော ပိုးလမ်းမ ရပ်ဝန်းစီမံကိန်းတွင် ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူကရိန်းပဋိပက္ခစတင်ဖြစ်ပွားပြီးနောက်ပိုင်း ရုရှား နှင့် တရုတ်တို့ကြား ဆက်ဆံရေးမှာ ပိုမိုနီးကပ်လာခဲ့ပြီး နိုင်ငံရေး နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ သိသိ သာသာတိုးမြင့်လာခဲ့ကြောင်း သိရသည်။ ရုရှားအား ပိတ်ဆို့အရေးယူရန် (သို့မဟုတ်) ပြစ်တင်ရှုတ်ချရန် အနောက်အုပ်စုနိုင်ငံများက ဖိအားပေးခဲ့သော်လည်း တရုတ်နိုင်ငံသည် ရုရှားနှင့် ကုန်သွယ်မှုများကို ပိုမိုမြှင့်တင်ခဲ့ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးကိုမြှင့်တင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသည် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရန်အတွက် တောင်းဆိုခဲ့ပြီး အမေရိကန်၏ လုပ်ဆောင်မှုများနှင့် နေတိုးအဖွဲ့၏တိုးချဲ့မှုများသည် ရုရှားနှင့်ယူကရိန်းကြားပဋိပက္ခကို ပိုမိုဆိုးရွားလာစေကြောင်း ပြစ်တင်ဝေဖန်ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲကို အနောက်အုပ်စုနိုင်ငံများက ငြီးငွေ့နေပြီဖြစ်ကြောင်း ယူကရိန်းဘဏ္ဍာရေးဝန်ကြီး ဝန်ခံပြောဆို
RELATED POSTS
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ