တင်းမာမှုများရှိနေသည့်အချိန်တွင် မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်အများအပြားကို ထပ်မံစမ်းသပ်ပစ်လွှတ်
Pika (NSS) - ဖေဖော်ဝါရီ ၁၄
မြောက်ကိုရီးယားနိုင်ငံသည် ဖေဖော်ဝါရီလ(၁၄)ရက်တွင် ၎င်း၏နိုင်ငံအရှေ့ဖက်ကမ်းရိုးတန်းသို့ ခရုဇ်ဒုံးကျည်အများအပြားကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် တောင်ကိုရီးယားနိုင်ငံကို အဓိကရန်သူအဖြစ် ယခုနှစ်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ပြန်လည်ပေါင်းစည်းရေးအတွက် ရည်ရွယ်ထားသော အေဂျင်စီများကို ပိတ်ပစ်ခဲ့ကြောင်း လည်း သိရသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံအနေဖြင့် မြောက်ကိုရီးယားပိုင်နက်နယ်မြေကို တစ်လက်မခန့်ကျူးကျော်ခဲ့မည် ဆိုလျှင်တောင် စစ်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ကင်ဂျုံအန်းက ခြိမ်းခြောက်ပြောဆိုခဲ့သည်။ အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် တင်းမာမှုများရှိနေသော်လည်း မြောက်ကိုရီးယားအစိုးရသည် ရေအောက်သုံး နျူကလီးယားလက်နက်စနစ်၊ လောင်စာဆီအခဲသုံး အသံထက်မြန်သည့်ပဲ့ထိန်းဒုံးကျည်နှင့် ခရုဇ်ဒုံးကျည် အများအပြား အပါအဝင် လက်နက်စမ်းသပ်မှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက "ကျွန်တော်တို့စစ်တပ်ဟာ Wonsan မြို့ အရှေ့မြောက်ဘက်ရေပြင်ထဲကို ပစ်လွှတ်လိုက်တဲ့ခရုဇ်ဒုံးကျည်အများအပြားကို ဖေဖော်ဝါရီလ(၁၄)ရက် နံနက်(၉)နာရီအချိန်မှာ ခြေရာခံတွေ့ရှိခဲ့ ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်ထောက်လှမ်းရေးအာဏာပိုင်တွေဟာ အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
တောင်ကိုရီးယားစစ်တပ်သည် မြောက်ကိုရီးယား၏ နောက်ထပ်လုပ်ဆောင်မှုများကို အနီးကပ်စောင့်ကြည့်နေ ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံးက ပြောကြားခဲ့သည်။ ထို့အပြင် ဒုံးကျည်လောင်ချာများအတွက် ပဲ့ထိန်းစနစ်သစ်ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ယခုသီတင်းပတ်အစောပိုင်း တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြောက်ကိုရီးယား၏ ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုသည် ယူကရိန်းနှင့်စစ်ပွဲတွင် အသုံးပြုရန်အတွက် ရုရှားနိုင်ငံသို့မပို့ဆောင်မီ စမ်းသပ်ခြင်းများ လုပ်နေခြင်းမျိုးဖြစ်ကြောင်း ကျွမ်းကျင်သူများက ထင်ကြေးပေးပြောဆို ထားသည်။ ပြီးခဲ့သည့်လများအတွင်း ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံကြားဆက်ဆံရေးများကို ပိုမို မြှင့်တင်ခဲ့ပြီး အနောက်အုပ်စုနိုင်ငံများ၏ ပြစ်တင်ဝေဖန်ပြောဆိုခြင်းကို မကြာခဏခံခဲ့ရကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရာဖယ်မြို့ကိုတိုက်ခိုက်နေသည့် အစ္စရေး၏တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး (ICJ)ကို အကဲဖြတ်စုံစမ်းပေးရန် တောင်အာဖရိကနိုင်ငံ တိုက်တွန်းတောင်းဆို
RELATED POSTS
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ