AI နည်းပညာက ကမ္ဘာတစ်ဝှမ်းရှိ အလုပ်အကိုင်များကို ခြိမ်းခြောက်နေကြောင်း IMF သတိပေး
Pika (NSS) - ဇန်နဝါရီ ၂၃
(AI)နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုသည် ကမ္ဘာတစ်ဝှမ်းရှိ အလုပ်အကိုင်များ၏ (၄ဝ)ရာခိုင်နှုန်းနီးပါးအပေါ် သက်ရောက်မှုများရှိလာနိုင်ပြီး ထွန်းသစ်ဈေးကွက်များ နှင့် ဝင်ငွေနည်းသည့်နိုင်ငံများထက် ဝင်ငွေများသည့် နိုင်ငံများက အကျိုးသက်ရောက်မှုများကို ပိုမိုခံရနိုင်ဖွယ်ရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က အစီရင်ခံစာအသစ်တစ်ခုတွင် သတိပေးပြောဆိုခဲ့သည်။
ထို့အပြင် (AI)နည်းပညာကြောင့် ဖြစ်ပေါ်လာသောပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် နှင့် လူမှုရေးဆိုင်ရာ တင်းမာမှုများကို ပိုမိုဖြစ်ပွားစေမည့်နည်းပညာကို တားဆီးရန်အတွက် နောက်ထပ်ခြေလှမ်းများကို ကြိုတင် လုပ်ဆောင်ကြရန် အစိုးရများကို IMF အကြီးအကဲ Kristalina Georgieva က တောင်းဆိုခဲ့ကြောင်း သိရသည်။
"ကျွန်မတို့ဟာ ကုန်ထုတ်စွမ်းအားကို မြင့်တက်လာစေပြီး ကမ္ဘာတစ်ဝှမ်းမှာ ဝင်ငွေတွေကို တိုးလာစေပြီးတော့ ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုတွေကို မြှင့်တင်ပေးမယ့်နည်းပညာတော်လှန်ရေးရဲ့ အစွန်းတစ်ဖက်ကို ရောက်ရှိနေ ပါပြီ။ ဒါပေမယ့် (AI)နည်းပညာဟာ အလုပ်အကိုင်တွေနေရာမှာ အစားထိုးနိုင်ပေမယ့်လည်း မညီမျှမှုတွေကို ပိုမိုဖြစ်ပွားလာစေနိုင်ပါတယ်" ဟု Kristalina Georgieva က ပြောခဲ့သည်။
ထို့အပြင် အလိုအလျောက်စနစ် နှင့် သတင်းအချက်အလက်နည်းပညာများသည် လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို ထိခိုက်စေနိုင်သော်လည်း AI နည်းပညာသည် ကျွမ်းကျင်အလုပ်သမားများ လိုအပ်သည့်အလုပ်အကိုင်များအပေါ် အကျိုးသက်ရောက်မှုများရှိလာနိုင်ကြောင်း အစီရင်ခံစာတွင် ထောက်ပြပြောဆိုထားသည်။
ခေတ်မီသောစီးပွားရေးလုပ်ငန်းများသည် AI နည်းပညာထံမှ ကြီးမားသောအန္တရာယ်များကို ရင်ဆိုင်ရနိုင်သော် လည်း အကျိုးအမြတ်များကို အသုံးချနိုင်မည့်အခွင့်အလမ်းများမှာ ထွန်းသစ်စ စီးပွားရေးဈေးကွက် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများထက် ပိုမိုများပြားကြောင်း IMF က ပြောကြားခဲ့သည်။
AI နည်းပညာကြောင့် ခေတ်မီစီးပွားရေးလုပ်ငန်များတွင် အလုပ်အကိုင်များ၏ (၆ဝ)ရာခိုင်နှုန်းခန့်အပေါ် အကျိုးသက်ရောက်မှုများရှိလာနိုင်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။ အလုပ်အကိုင်များ၏ ထက်ဝက်ခန့်သည် AI နည်းပညာပေါင်းစည်းမှုများမှ အကျိုးအမြတ်များရရှိနိုင်ပြီး ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း IMF က ပြောကြားခဲ့သည်။
သို့သော်လည်း အခြားထက်ဝက်ခန့်အတွက် AI နည်းပညာသည် လက်ရှိလူသားများ လုပ်ဆောင်နေသော အဓိက အလုပ်များကို လုပ်ဆောင်နိုင်သောကြောင့် အလုပ်သမားလိုအပ်ချက်ကို လျှော့ချနိုင်ပြီး လစာနည်းပါးမှု နှင့် အလုပ်သမားငှားရမ်းမှု လျော့ကျလာခြင်းများသို့ ဦးတည်လာနိုင်ကြောင်း သိရသည်။
အဆိုးရွားဆုံးအခြေအနေများတွင် အချို့အလုပ်အကိုင်များမှာ လုံးဝပျောက်ကွယ်သွားနိုင်ကြောင်း Kristalina Georgieva က သတိပေးပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်နှင့် ခဲယမ်းမီးကျည်များ သိုလှောင်ထားသည့်နေရာများကို ရုရှားဖက်က သိနေကြောင်း ယူကရိန်းစစ်ဘက် ဝန်ခံပြောဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း