တောင်ကြီးမြို့ရှိ ရွှေတောင်ရိုးကားရပ်နားကွင်း၌ မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂိုထောင်(၂)လုံးပျက်စီးဆုံးရှုံး
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရွှေတောင်ရိုးကားရပ်နားကွင်း၌ မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂိုထောင်(၂)လုံး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဇန်နဝါရီလ ၁၈ ရက်)၊ နံနက် ၁နာရီဝန်းကျင်အချိန်ခန့်တွင် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုး ယာဉ်ရပ်နားကွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မီးစလောင်တာက ကားရပ်နားကွင်းထဲက ဂိုထောင်မှာရှိတဲ့ မီးအားမြှင့်စက်ကနေပြီး စလောင်တာလို့သိရပါတယ်။ အဲဒီကနေ စလောင်တာမှာ ဘေးကပစ္စည်းတွေနဲ့ဆိုတော့ ဂိုထောင်တွေကူးပြီးလောင်သွားတာပေါ့။ အဲဒီကားဝန်းက ပစ္စည်းတွေသိုလှောင်တဲ့ ဂိုထောင်တွေရှိတယ်”ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ရွှေတောင်ရိုးကားဝန်းအတွင်းရှိ တောင်ကြီးမှ ရန်ကုန်-မန္တလေးဘက်သို့ ပစ္စည်းပို့ဆောင်ရေးလက်ခံသည့် ဂိုထောင်(၂)လုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“ဝန်းက (၂)ခုရှိတယ်။ ခုက တောင်ကြီးကနေ ရန်ကုန်နဲ့ မန္တလေးဘက်ကို ပြန်ပို့တဲ့ပစ္စည်းဂိုထောင်ကလောင်တာ။ ပစ္စည်းတစ်ချို့လည်း မီးလောင်သွားတယ်လို့ သိရတယ်။ လူထိခိုက်တာတို့တော့မရှိပါဘူး။ မီးကတော့တော်တော် များတယ်။ (၃)နာရီလောက်ငြှိမ်းလိုက်ရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုဖြစ်စဉ်အား ရှမ်းပြည်နယ်မီးသတ်ဦးစီးရုံး၊ တောင်ကြီးခရိုင်မီးသတ်စခန်း၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းနှင့် ကံသာနယ်မြေမီးသတ်စခန်းတို့မှ (၃)နာရီခန့်အကြာသွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အလားတူ ပြီးခဲ့သောရက်ပိုင်းအတွင်းကလည်း တောင်ကြီးမြို့နယ်၊ ဖရဲရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းကားဈေးကွက်အတွင်း၌ ကျပ်သိန်း(၃၀၀)နှင့် (၁၅၀၀) ကြားကားများ အရောင်းအဝယ်ပုံမှန်ဖြစ်နေဟုဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း