ရပ်ထားသည့်(၁၄)ပေကားကို တွဲကားမှဝင်တိုက်မိခဲ့ရာ ကားအောက်တွင်အိပ်နေသည့် အမျိုးသား ကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံး
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၃
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် ရပ်ထားသည့် (၁၄) ပေကားအား တွဲကားမှဝင်တိုက်မိခဲ့ရာ ကားအောက်တွင်အိပ်နေသည့် အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ ပွဲချင်း ပြီးသေဆုံးသွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်း အုတ်တွင်းမြို့ထံမှ သိရသည်။
ယနေ့ (ဇန်နဝါရီလ ၁၃ ရက်)၊ နံနက် ၅ နာရီအချိန်တွင် အုတ်တွင်းမြို့နယ်၊ တင်းငုတ်ပင်လျှပ်စစ်ဓာတ်အားပေးရုံအနီး၊ OK စက်သုံးဆီဆိုင်ဝင်းအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဲဒီ OK စက်သုံးဆီဆိုင်မှာက တွဲကားတွေနဲ့ကားတွေက ညအိပ်နားကြတယ်။ အခုကားကြိတ်ခံရတဲ့ အမျိုး သားကလည်း သူရဲ့ Hyundai (၁၄) ပေကားအောက်မှာ စောင်လေးခြုံပြီးအိပ်နေတာကို ထွက်မယ့်တွဲကားက နောက်ကိုဆုတ်နေရင်းနဲ့ သူ့ကားရဲ့ခေါင်းပိုင်းကို ဝင်တိုက်တာ။ အဲလို တိုက်မိလိုက်တော့ ကားကလိမ့်ပြီး အိပ်နေတဲ့လူခေါင်းကို တက်ကြိတ်မိတာ”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း အုတ်တွင်းမြို့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် နေပြည်တော်၊ သကြားစက်အနီး နေထိုင်သည့် အသက်(၄၀)နှစ်ဝန်းကျင်ရှိ ကိုရဲအောင်တွင် ဦးခါင်းကြေမွ ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“သေဆုံးသူက အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတာ။ မိသားစုနဲ့တော့ အဆက်အသွယ်ရပါတယ်။ အရင်ကလည်းခုလိုတွေဖြစ်ဖူးတယ်။ ခုလိုပဲကားအောက်အိပ်နေရင်းနဲ့ ကားကြိတ်ခံရတာတို့ ကားပြင်နေရင်းနဲ့ အကြိတ်ခံရတာတို့ရှိတယ်။ အကြံပြုချင်တာကတော့ တွဲကား မောင်းတဲ့ လူတွေစပယ်ယာပါမှ မောင်းစေချင်တယ်။ ပြီးတော့ ဘက်မှန်တွေလည်း ကြည့်မောင်းပေါ့။ ခုဖြစ်သွားတဲ့ဖြစ်စဉ်မှာဆို တွဲကားမှာ စပယ်ယာမပါဘူးဖြစ်နေတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား ရင်ခုန်သံရှင်ရေးကူညီမှုအသင်း အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံမှာ ရာသီဥတုဆိုးရွားမှုကြောင့် လေကြောင်းခရီးစဉ် (၂၀၀၀)ကျော် ဖျက်သိမ်းခဲ့ရဟုဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း