ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်တာမျိုးမလုပ်ဖို့ တရုတ်နိုင်ငံကို အမေရိကန်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁၁
တရုတ်နိုင်ငံအနေနဲ့ လာမယ့်ရက်ပိုင်းအတွင်းကျင်းပမယ့် ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်တာမျိုး မလုပ်ဖို့ အမေရိကန်အစိုးရက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
ထိုင်ဝမ်မှာ လာမယ့် ဇန်နဝါရီ ၁၃ ရက်မှာ လွှတ်တော်ရွေးကောက်ပွဲနဲ့ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပြီး တရုတ်နိုင်ငံကိုကြားဝင်မစွက်ဖက်ဖို့ အမေရိကန်အစိုးရက သတိပေးခဲ့တာဖြစ်ပါတယ်။
အမေရိကန်အစိုးရက ထိုင်ဝမ်မှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီဘက်ကမှ ရပ်တည်တာမျိုးမရှိသလို ဘယ်သူကိုအနိုင်ရစေလိုတဲ့စိတ်ဆန္ဒမျိုးလည်းမရှိဘဲ ရလဒ်အတိုင်း လက်ခံသွားမှာဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်အစိုးရအဖွဲ့အကြီးတန်းအရာရှိတစ်ဦးက "ထိုင်ဝမ်မှာ ကျင်းပမယ့်ရွေးကောက်ပွဲကို အခြားနိုင်ငံ၊ အဖွဲ့အစည်းတွေက သြဇာလွှမ်းဖို့ ကြိုးပမ်းတာ၊ ကြားဝင်စွက်ဖက်တာတွေကို ဆန့်ကျင်ကန့်ကွက်တယ်။ သမ္မတ အဖြစ် ရွေးချယ်ခံရသူ ဘယ်သူဖြစ်ဖြစ် ထိုင်ဝမ်အပေါ်ထားရှိတဲ့အမေရိကန်အစိုးရရဲ့ရပ်တည်ချက်က အရင်အတိုင်း ပဲ ဆက်ရှိနေမှာပါ" လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ အဓိကကူညီပေးနေသလို နိုင်ငံတကာစာမျက်နှာတွေ မှာလည်း သံတမန်ရေးအရ ကူညီပေးနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ၎င်းတို့လက်အောက်ခံ ဒေသအဖြစ် သတ်မှတ်ပြောဆိုနေပြီး ထိုင်ဝမ်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ဖို့ ကြိုးပမ်းနေကြောင်း မကြာသေးမီက သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။
ထိုင်ဝမ်ဟာ တရုတ်လက်အောက်ကခွဲထွက်ပြီး ကိုယ်ပိုင်လွတ်လပ်ရေးရယူနိုင်ဖို့ ကြိုးပမ်းနေပြီး ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်နေခဲ့ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ဆက်လက်ရှိနေခြင်းကို လိုလားထောက်ခံကြောင်း၊ ထိုင်ဝမ်ကို တရုတ်နိုင်ငံက စစ်ရေးအရ ကျူးကျော်မယ် ဆိုရင် ထိုင်ဝမ်ကို ကာကွယ်ပေးမယ်လို့ အမေရိကန်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ်(၃)မျိုး ထပ်မံတွေ့ရှိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း