ရိုးဖြောင့်မှုမရှိသော သင်တန်းကျောင်းများနှင့် ပွဲစားများကြောင့် ဂျပန်သို့သွားရောက်လိုသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်နေဟု ဂျပန်သံရုံး သတိပေး
Pearl (NSS) - ဒီဇင်ဘာ ၁ဝ
ရိုးဖြောင့်မှုမရှိသော သင်တန်းကျောင်းများနှင့် ပွဲစားများကြောင့် ဂျပန်သို့သွားရောက်လိုသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ဂျပန်သံရုံးက ပြီးခဲ့သည့်ရက်ပိုင်းတွင် သတိပေးထုတ်ပြန်ထားသည်။
လက်ရှိတွင် မိမိကိုယ်ရေးအချက်အလက် (အမည်၊ မွေးနေ့သက္ကရာဇ်) များကို အခြားသူတစ်ဦးအဖြစ် ပြုပြင်ကာ မသမာသောနည်းလမ်းဖြင့် ရယူထားသော ကာလရှည်နေထိုင်ခွင့်ကတ်ပြား (Certificate of Eligibility) ကိုင်ဆောင်၍ သံရုံးတွင် ဗီဇာလျှောက်ထားမှုများ တွေ့ရကြောင်း ဂျပန်သံရုံးက ထုတ်ပြန်ထားသည်။
ထိုသို့ပြောင်းလဲထားသော မှန်ကန်မှုမရှိသည့် ကိုယ်ရေးအချက်အလက်အတုများဖြင့် လျှောက်ထားလာပါက ဗီဇာထုတ်ပေး၍ မရနိုင်ကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ကျောင်းတက်ရန်၊ အလုပ်လုပ်ရန် ဂျပန်သို့သွားရောက်လိုသူများ နှင့် ပတ်သက်သော ဗီဇာဝန်ဆောင်မှုလုပ်ငန်းများကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိသော်လည်း မသမာသော နည်းလမ်းများကို အသုံးပြုနေသည့် ဘာသာစကားသင်တန်းကျောင်းများ နှင့် ပွဲစားများလည်း ရှိကြောင်း သံရုံးက ဆက်လက်အသိပေးထားသည်။
ထို့ကြောင့်အချက်အလက် အစစ်အမှန်မဟုတ်သောစာရွက်စာတမ်းများဖြင့် လျှောက်ထားသူများအား ဗီဇာထုတ် ပေးမည်မဟုတ်သောကြောင့် ဂျပန်နိုင်ငံသို့သွားရောက်လိုသူများအနေဖြင့် ရိုးဖြောင့်မှုမရှိသော သင်တန်းကျောင်း များ နှင့် ပွဲစားများကြောင့် နစ်နာဆုံးရှုံးမှုများ မကြုံတွေ့ရန်အတွက် အထူးသတိပြုရန် မေတ္တာရပ်ခံတိုက်တွန်း ထားသည်။
ထို့အတူ ယုံကြည်ရသောသင်တန်းကျောင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ဟုတ်/မဟုတ် စုံစမ်းလေ့လာ ပြီးမှသာ ကျောင်းအပ်ခြင်းဆောင်ရွက်ရန် နှင့် COE စသည်တို့၏ လျှောက်လွှာစာရွက်စာတမ်းများအား ကိုယ်စား လှယ်နှင့် ပွဲစားများကို ယုံကြည်အပ်နှံမှုမပြုဘဲ မိမိကိုယ်တိုင်ပြင်ဆင်၍ စစ်ဆေးအတည်ပြုရန် အသိပေးထားသည်။
အလားတူ ထုတ်ယူရရှိထားသော COE သည် မိမိကိုယ်ပိုင်နာမည် ဟုတ် /မဟုတ်၊ အချက်အလက်မှန်ကန်မှုရှိ /မရှိ ကို COE မူရင်း (သို့မဟုတ်) မိတ္တူဖြင့် မပျက်မကွက် စစ်ဆေးအတည်ပြုရန် နှင့် COE ငြင်းဆိုခံရခြင်း (COE reject) ဖြစ်လျှင် နောက်တစ်ကြိမ် ပြန်လည်လျှောက်ထားသည့်အခါ ကိုယ်ရေးအချက်အလက်များ ပြောင်းလဲပြင်ဆင်၍ လျှောက်ထားခြင်း လုံးဝမပြုရန်လည်း အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒီဇင်ဘာလအတွက် ဈေးကွက်အတွင်း ရောင်းချရမည့် ရည်ညွန်း ဆန်ဈေးနှုန်းများကို MRF ထုတ်ပြန်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း