ထိုင်းနိုင်ငံတွင် လုပ်ခလစာ(၂)လစာခန့်မရရှိဘဲ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာလုပ်သား ၂၃၇ ဦးကို မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီပေးနေ
ကျော် (NSS) - နိုဝင်ဘာ ၂၂
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ ထိုင်းနိုင်ငံ၊ လရောင်မြို့တွင် လုပ်ခလစာ (၂)လစာခန့်မရရှိဘဲ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၂၃၇ ဦးကိုကူညီပေးနေကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။
မြန်မာအလုပ်သမားများအား ကူညီပေးနေခြင်းနှင့်ပတ်သက်၍ မြန်မာအလုပ်သမားသံအရာရှိရုံးမှ ယနေ့ (နိုဝင်ဘာလ ၂၂ ရက်)တွင် အသိပေးခဲ့ခြင်းဖြစ်သည်။
မြန်မာအလုပ်သမား အမျိုးသား ၁၃၇ ဦးနှင့်အမျိုးသမီး ၁၀၀ ဦး(စုစုပေါင်း ၂၃၇ ဦး)တို့သည် ထိုင်းနိုင်ငံ၊လရောင်မြို့တွင် APL 88 Co.,Ltd နှင့် ဘတ်စာရင်းတင်ကာ Name List စာရွက်ဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။
ထိုသို့ လုပ်ကိုင်လျက်ရှိရာမှ အလုပ်ရှင်ဖြစ်သူက ၎င်းတို့၏လုပ်ခလစာများအားပေးချေရာတွင် လစာ ၂ လစာခန့်ကိုပေးချေခြင်းမပြုဘဲ အလုပ်မှထုတ်ပယ်ခဲ့ကြောင်း သိရသည်။
အလုပ်မှထုတ်ပယ်ပြီးနောက် မြန်မာအလုပ်သမားများအား နေထိုင်သည့်နေရာမှထွက်ခွာခိုင်းခဲ့သဖြင့် ကျန်ရှိသည့်လုပ်ခလစာရရှိရန်အတွက် လုပ်ငန်းခွင်နှင့်နီးစပ်သည့်နေရာတွင် မြန်မာအလုပ်သမားများနေထိုင်စောင့်ဆိုင်းနေခဲ့ကြကြောင်း သိရသည်။
ထိုသို့ စောင့်ဆိုင်းနေချိန်၌ နေထိုင်စားသောက်ရန်အခက်အခဲများဖြစ်ပေါ်နေသဖြင့် မြန်မာအလုပ်သမားများမှ မြန်မာအလုပ်သမားသံအရာရှိရုံးထံဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။
မြန်မာအလုပ်သမားသံအရာရှိရုံးမှတာဝန်ရှိသူများက မြန်မာအလုပ်သမားများအားကူညီပေးနိုင်ရန် နိုဝင်ဘာလ ၁၀ ရက်တွင် အလုပ်သမားများထံသွားရောက်ခဲ့ရာ လုပ်ခလစာ ၂ လစာခန့်မရရှိသည်မှာမှန်ကန်ကြောင်း သိရှိခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ လုပ်ခလစာမရရှိခြင်းကိုလည်း အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး(ဆာဝါဒီကန်ရုံး) သို့ တိုင်ကြားထားပြီးဖြစ်ကာ ဆာဝါဒီကန်ရုံးမှအမှုအားလက်ခံ၍ အလုပ်ရှင်ကိုဆင့်ခေါ်ထားပြီးဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် မြန်မာအလုပ်သမားသံအရာရှိရုံးမှ မြန်မာအလုပ်သမားများအတွက် သက်ဆိုင်ရာ ထိုင်းအလုပ်သမားဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပြီး စားသောက်ကုန်များထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ထိုင်းလူမှုဖူလုံရေးအဖွဲ့မှလည်း မြန်မာအလုပ်သမားများအတွက် အစားအသောက်များကူညီထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် နေ့စဉ်ကလေးငယ်(၁၆ဝ)ခန့် သေဆုံးနေရကြောင်း WHO ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း