အင်းစိန်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုက်ကားသမားတစ်ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - အောက်တိုဘာ ၂၃
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ဒိုင်နာကားမှ ဆိုက်ကားအား ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦး စိုးရိမ်ဖွယ်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၂၃ ရက်)၊ နံနက် ၁၀နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အောင်ဇေယျကြိုးတံတားအောက်၊ ကမ်းနားအလယ်လမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“အဲဒီနားမှာက အကွေ့ရှိတယ်ဗျ။ အဲဒီမှာဆွဲကွေ့ရင်းကနေ ဒိုင်နာကအရှိန်မထိန်းနိုင်ပဲနဲ့ ဆိုက်ကားကိုဝင်တိုက်မိတာပါ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုမှ အင်းစိန်မြို့နယ် ကမ်းနားအလယ်ရပ်ကွက်တွင်နေထိုင်သည့် အနှေးယာဉ်လုပ်သားဖြစ်သူ အသက်(၅၅)နှစ်အရွယ် အမျိုးသားတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဘယ်လက် ကျိုးဒဏ်ရာ၊ ဦးခေါင်းအရေခွံလန်ဒဏ်ရာနှင့် အခြားပွန်းပဲဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သိရသည်။
“ဘယ်ဘက်တစ်ခြမ်းလုံးက ပွန်းပဲ့သွားတယ်။ ဘယ်ဘက်လက်ကျိုးတယ်။ နောက်စေ့က ကွဲတယ်ပေါ့။ နဖူးကနေ ဦးခေါင်းအလယ်လောက်အထိ အရေပြားလန်သွားတယ်ပေါ့။ ကားနဲ့တရွတ်တိုက်ဆွဲပြီးပါသွားတဲ့ ပုံစံမျိုးပေါ့။ သတိကလဲမရတချက်ရတချက်နဲ့ပါ။ ကျွန်တော်တို့ကတော့ အနီရောင်အဆင့်လို့ သတ်မှတ်ထားတယ်ပေါ့နော်” ဟု ၎င်းကဆက်လက်ပြော သည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မနက်ဖြန်မှစတင်၍ သတ်မှတ်ထားသည့် Taxi Board များကို ရန်ကုန်စီးတီးတက္ကစီအသင်းက ဖြန့်ဖြူးရောင်းချသွားမည်
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း