တစ်နိုင်ငံလုံး၌ အနည်းဆုံးလုပ်ခလစာ တစ်ရက်(၄၈၀၀)ကျပ်အပေါ် အပိုထောက်ပံ့ကြေး (၁၀၀၀)ကျပ် တိုးမြှင့်၍ ပြင်ဆင်သတ်မှတ်
NSS - အောက်တိုဘာ ၇
တစ်နိုင်ငံလုံး၌ အနည်းဆုံးလုပ်ခလစာ တစ်ရက်(၄၈၀၀)ကျပ်အပေါ် အပိုထောက်ပံ့ကြေး (၁၀၀၀)ကျပ် ထပ်မံတိုးမြှင့်ကာ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သတင်းရရှိသည်။
လွန်ခဲ့သည့် ငါးနှစ်ခန့်က သတ်မှတ်ထားသည့် အနိမ့်ဆုံးလုပ်ခလစာ တစ်နာရီ (၆၀၀)ကျပ်ဖြင့် တစ်ရက် အလုပ်ချိန်ရှစ်နာရီအတွက် (၄၈၀၀)ကျပ် သတ်မှတ်ချက်ကို ထပ်တိုးထောက် ပံ့စရိတ်အဖြစ် တစ်ရက်လျှင် (၁၀၀၀)ကျပ် သတ်မှတ်ခံစားခွင့်ပြုရန် အလုပ်သမားဝန်ကြီး ဌာနက အောက်တိုဘာလ ၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းထုတ်ပြန်ချက်အရ အထည်ချုပ်စက်ရုံများနှင့် စက်ရုံအလုပ်ရုံများအားလုံးမှ အလုပ်သ မားများအားလုံး အကျုံးဝင်မည်ဖြစ်ပြီး လစာတွက်ချက်မှုအရ အောက်တိုဘာလ ၁ ရက်မှစတင်ကာ တွက်ချက်ရမည်ဖြစ်သည်။
“နဂို ၄၈၀၀ နဲ့ရနေတဲ့ အိုဗာတိုင်ကြေးတွေက တိုးမသွားပါဘူး။ တစ်ရက်ကိုထောက်ပံကြေး တစ်ထောင်ပဲပိုရမှာပေါ့။ တစ်လ ရက်သုံးဆယ်ရှိရင် နဂိုလစာနဲ့ထောက်ပံကြေးသုံးသောင်း ရတဲ့သဘောပါ။ တစ်ချို့ပြင်ပ ပုဂ္ဂလိကစက်ရုံတွေဆိုရင် ထောက်ပံကြေးတွေ တိုးပေးထားတာကြာပါပြီ။ အခုလို အစိုးရကထုတ်ပြန်တော့ တိုးပေးထားတဲ့ စက်ရုံတွေကတော့ တိုးစ ရာမလိုဘူးပေါ့။ ထောက်ပံကြေး မတိုးရသေးတဲ့စက်ရုံတွေကတော့ တိုးပေးရမှာပါ” ဟု အလုပ်သမားရေးရာကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။
အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ချက်ကို တစ်ရက်လျှင် (၄၈၀၀)ကျပ်ဖြင့် ၂၀၁၈ ခုနှစ် မေလ ၁၄ ရက်တွင် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပြီးနောက် လက်ရှိ ငါးနှစ်ကျော်ကာလအတွင်း၌ ထောက်ပံကြေး တစ်ရက်လျှင် (၁၀၀၀)ကျပ်နှုန်း ထပ်တိုးလာခဲ့ခြင်းဖြစ်သည်။
ယခုနှစ်ပိုင်းအတွင်း အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ပြည်တွင်းအလုပ်သမားများအနေဖြင့် အနိမ့်ဆုံးလုပ်ခ လစာသတ်မှတ်ချက်ကို ခေတ်နှင့်လျော်ညီပြင်ဆင်ပေးရန် တောင်းဆိုမှုများရှိခဲ့သော်လည်း သက်ဆိုင်ရာက ထောက်ပံကြေးအဖြစ် သတ်မှတ်ကာ တိုးမြှင့်ပြဋ္ဌာန်းပေးခဲ့ခြင်းလည်း ဖြစ်သည်။
“အဲဒီလို ကြေညာလိုက်တဲ့အခါကျတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသမားတွေကတော့ တရားဝင် စာရင်းထဲထည့်သွားလို့ရတာပေါ့။ ကျွန်တော် မြင်တာပေါ့နော်။ ကျွန်တော်တို့ကို အစိုးရဘက်က အကြိမ်ကြိမ်မေးပါတယ်။ ကျွန်တော်တို့ကလည်း အဲဒါကို ကြေညာဖို့ကိုပဲ တိုက်တွန်းနေတာပေါ့နော်။ အဲဒီတော့ ကြေညာချက်မထွက်ခင်မှာ နိုင်ငံ့ဝန်ထမ်းတွေအတွက် ထောက်ပံ့ကြေးကိစ္စ (၃၀၀၀၀)ထွက်လာတာပေါ့။ အဲဒါထွက်လာပြီးတော့ ကျွန်တော်တို့ကို အကြိမ်ကြိမ်မေးသေးတယ်။ ကျွန်တော်တို့ကတော့ တရားဝင်ပွင့်လင်းမြင်သာမှုရှိအောင် ယုံကြည်မှုတည်ဆောက်လို့ရအောင် အလုပ်သမားတွေလည်း ယုံကြည်မှု တွေရှိလာအောင် တရားဝင်ကြေညာပေးလိုက်ပါ။ ကုန်ဈေးနှုန်းတက်တာက မြန်မာပြည်တစ်ခုတည်း မဟုတ်ဘူး တစ်ကမ္ဘာလုံး တက်နေတာလေ။ အဲဒီလို တက်ပေမယ့် တခြားနိုင်ငံတွေက သူ့ဝင်ငွေနဲ့သူ လောက်တော့ ပြဿနာမရှိဘူးဗျ” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက NSS ကို ပြောသည်။
နိုင်ငံအတွင်းရှိ အချို့သော စက်ရုံ၊ အလုပ်ရုံများသည် ယခုကဲ့သို့ အမိန့်ကြော်ငြာစာမထွက်မီအချိန်၌ အနည်းဆုံးလုပ်ခလစာအား တစ်ရက်လျှင် (၅၈၀၀)ကျပ်နှုန်းဖြင့် ပေးချေမှုများရှိကြောင်း အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါပုံမြို့နယ်၌ ပျဉ်ထောင်အိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ရာမှ အနီးရှိ တိုက်ခန်းတစ်ခန်းအား မီးကူးဆက်လောင်ကျွမ်းမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း