မှော်ဘီမြို့အားဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပန်းတစ်ပွင့်တောင်ကျောင်းတိုက်၌ အုတ်တံတိုင်းပြိုကျမှုများ ဖြစ်ပေါ်ခဲ့
NSS - စက်တင်ဘာ ၂၅
မှော်ဘီမြို့အားဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပန်းတစ်ပွင့်တောင်ကျောင်းတိုက်၌ အုတ်တံတိုင်းပြိုကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါမြေငလျင်သည် ယနေ့(စက်တင်ဘာလ ၂၅ ရက်) နံနက်(၇)နာရီ (၂၀)မိနစ်အချိန်တွင် ကမ္ဘာအေးမြေလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၅)မိုင်ခန့် ကွာဝေးသော (မှော်ဘီမြို့၏ မြောက်-အနောက်မြောက်ဘက် (၅) မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် (၁၇ ဒသမ ၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၉၈)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၀) အဆင့်ရှိ အင်အားအနည်းငယ်ဖြင့် လှုပ်ခတ်ခဲ့ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။
မြေငလျင်လှုပ်ခတ်မှုကို ရန်ကုန်ရှိ မြို့နယ်အချို့တွင် ခံစားခဲ့ရပြီး မှော်ဘီမြို့ရှိ ပန်းတစ်ပွင့်တောင်ကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ မျက်နှာကျက်ပြိုကျမှုအပြင် အခြားသော ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
"အရင်နေ့တွေကလှုပ်တာက ပျက်စီးမှုတော့ရှိတယ်။ ဒီနေ့လှုပ်တာကပိုများတယ်။ ဗိမာန်ဆောင်(၂)ထပ်က မျက်နှာကျက်ရယ်၊ ဗိမာန်ဆိုင်းဘုတ်ရယ်ပြိုကျတယ်။ အုတ်တံတိုင်းလည်းပြိုတယ်။ စာသင်ဆောင်လည်း နည်းနည်းထိတယ်။ တောင်ပေါ်ဘုရားရင်ပြင်က အက်သွားတယ်။ ဒီနေ့နဲ့ဆို (၃)ရက်လောက်ရှိပြီ။ (၃)ရက်လုံးပျက်စီးမှုရှိတယ်"ဟု မှော်ဘီမြို့ခံတစ်ဦးက NSS ကိုပြောသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ(၂၃)ရက်ညကလည်း အင်အားအသင့်အတင့်ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ရန်ကုန်နှင့် ပဲခူးတို့တွင် ပျက်စီးမှုများ အနည်းငယ်စီရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာလ(၂၄)ရက်၊ ညနေ(၅)နာရီ (၄၄)မိနစ်အချိန်ကလည်း တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။
ငလျင်ဘေးသည် ကြိုတင်ခန့်မှန်း၍မရဘဲ အချိန်မရွေးဖြစ်ပေါ်နိုင်သည့် သဘာဝဖြစ်သည့် အတွက် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ထားသင့်ကြောင်း ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဥ်မျိုးမင်းထွေးက NSS ကို အကြံပြုပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂ နှင့် အနောက်အုပ်စုနိုင်ငံများသည် အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ကာ မြန်မာနိုင်ငံ မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေဟု တစညပါတီဥက္ကဋ္ဌပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း