ကုလသမဂ္ဂ နှင့် အနောက်အုပ်စုနိုင်ငံများသည် အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ကာ မြန်မာနိုင်ငံ မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေဟု တစညပါတီဥက္ကဋ္ဌပြော
မြူနစ် (NSS) - စက်တင်ဘာ ၂၅
ကုလသမဂ္ဂ နှင့် အနောက်အုပ်စုနိုင်ငံများသည် အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ကာ မြန်မာနိုင်ငံ မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်နေကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ဥက္ကဋ္ဌက ပြောသည်။
ယမန်နေ့(စက်တင်ဘာလ ၂၄ ရက်)တွင် ရန်ကုန်မြို့ရှိ ဌာနချုပ်၌ ကျင်းပသော ပါတီ(၃၅) နှစ်မြောက်အခမ်းအနားသို့ ပေးပို့သော တစညပါတီဥက္ကဋ္ဌဦးဟန်ရွှေ၏ သဝဏ်လွှာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ကုလသမဂ္ဂနှင့် လက်အောက်ခံအဖွဲ့အစည်းများ၊ အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများ၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)နှင့် အနောက်အုပ်စုမီဒီယာများက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်လျက်ရှိသည်ကိုတွေ့ရကြောင်း ပါတီဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် နိုင်ငံရေးဖိအားပေးမှု၊ စီးပွားရေးပိတ်ဆို့မှု၊ ငွေကြေးနှင့်ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ရန် လုပ်ကြံမှုများဖြင့် နိုင်ငံတော်၏ လုပ်ငန်းဆောင်တာများအခက်အခဲဖြစ်ပေါ်ရေး၊ တပ်မတော်အင်အားချိနဲ့ရေးတို့ကို လုပ်ကြံဖန်တီးနေသည်ဟုလည်း ဥက္ကဋ္ဌဦးဟန်ရွှေက ဆက်လက်ပြောသည်။
အလားတူ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အဖွဲ့များနှင့် ဆက်ဆံမှု၊ ထောက်ပံ့မှုများပြုလုပ်ကာ မြန်မာနိုင်ငံပြည်တွင်းရေး မငြိမ်မသက်ဖြစ်စေရန်လည်း နှောက်ယှက်လျက်ရှိနေသည်ကို တွေ့ရကြောင်း ၎င်းက ထပ်မံပြောသည်။
ထို့ကြောင့် ပြည်တွင်းရေးဝင်ရောက်စွက်ဖက်လုပ်ကြံမှုများကို နိုင်ငံခြားရေးမူဝါဒနှင့်အညီ ရပ်တည်ဆောင်ရွက်ခြင်းနှင့်အတူ နိုင်ငံ၏အကျိုးကိုလိုလားသော မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သင့်ကြောင်း တစညပါတီက တိုက်တွန်းထားသည်။
ဆက်လက်ပြီး သဝဏ်လွှာ၌ ပြည်ပ၏ ဝင်ရောက်စွက်ဖက်နှောက်ယှက်မှုနှင့် ပြည်တွင်းမှ အကြမ်းဖက်အဖွဲ့အသီးသီး၏လုပ်ရပ်များသည် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ တည်ငြိမ်အေးချမ်းရေးကို များစွာထိခိုက်နေသည်ဟုလည်း ဖော်ပြထားသည်။
ရဟန်းသံဃာများ၊ သီလရှင်များမှအစ ကျောင်းသားလူငယ်များ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကိုယ်ဝန်ဆောင်မိခင်ပါမကျန် မတရားသတ်ဖြတ်နှိပ်စက်မှုများသည် ဒေသအနှံ့တွင် မနှစ်မြို့ဖွယ် တွေ့မြင်နေရကြောင်းလည်း တစညပါတီဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောသည်။
တစညပါတီသည် လက်ရှိနစကလက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ UEC ၌ မှတ်ပုံတင်ပြန်လည် လျှောက်ထားခဲ့သော တစ်နိုင်ငံလုံးစည်းမည့် ပါတီတစ်ရပ်လည်း ဖြစ်သည်။
လက်ရှိတွင် တစညပါတီ၏ ပါတီဝင်အင်အားသည် (၁၃၄၁၀၄) ဦးရှိကြောင်း သိရပြီး ပါတီ ဝင်စာရင်းများကို ရွေးကောက်ပွဲကော်မရှင်ထံသို့ ပေးပို့တင်ပြထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာမှာဖြစ်ပွားနေတဲ့ပဋိပက္ခတွေအပေါ် ကြားဝင်စွက်ဖက်မှာမဟုတ်ဘဲ ကြားနေနိုင်ငံအဖြစ်သာ ရပ်တည်သွားမှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ