ရာထူးကအနားယူမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် နဲ့ ပြည်ပြေးထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ မောင်နှမ အံ့အားသင့်ဖွယ် တွေ့ဆုံ
ဂျန်ဇက် (NSS) - သြဂုတ် ၆
ရာထူးက အနားယူတော့မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ အသက် ၇၁ နှစ်ပြည့်မွေးနေ့ပွဲကို သြဂုတ် ၆ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ ထိုင်းဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ သက်ဆင် နဲ့ ညီမဖြစ်သူ ယင်လပ်တို့ ကိုယ်တိုင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
သက်ဆင်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ၂ဝဝ၁ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှာဖြစ်ပွား တဲ့အာဏာသိမ်းမှုကြောင့် ရာထူးက ဖြုတ်ချခံရကာ ၂ဝဝ၈ ခုနှစ်မှာ ပြည်ပထွက်ပြေးခဲ့သူဖြစ်ပါတယ်။
သက်ဆင်ဟာ ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့ ဖြူထိုင်းပါတီကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ဖြူထိုင်းပါတီက ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်လောင်းအမည်စာရင်း တင်သွင်းခွင့်ရရှိထားပါတယ်။
သက်ဆင်ဟာ ထိုင်းနိုင်ငံကို သြဂုတ် ၁ဝ ရက်နေ့မှာ ပြန်လာမယ်လို့အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့ပေမယ့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံကို ပြန်လာမယ့်အစီအစဉ်ကိုထပ်မံ ရွှေ့ဆိုင်းခဲ့ပါတယ်။
သက်ဆင်ရဲ့ညီမဖြစ်သူ ယင်လပ်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးပြီး ၂ဝ၁၄ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကြောင့် ရာထူးက ဖြတ်ချခံထားရသူဖြစ်ပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်း၏ မွေးနေ့ပွဲကိုလာရောက်ပေးတဲ့အတွက် သက်ဆင် နဲ့ ယင်လပ်တို့ နှစ်ဦးကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။
သက်ဆင်နဲ့ ယင်လပ်တို့ဟာ ဝန်ကြီးချုပ်ဟွန်ဆန် နဲ့ နံနက်စာ အတူစားသုံးပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကနေ ပြန် သွားခဲ့ကြောင်း ကမ္ဘောဒီးယားမီဒီယာတွေက ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန် နဲ့ သက်ဆင်တို့ဟာ သက်ဆင်ဝန်ကြီးချုပ်မဖြစ်ခင် ၁၉၉၂ ခုနှစ်ကတည်းက မိတ်ဆွေများအဖြစ် ရှိနေခဲ့ကြောင်း သိရပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံသမိုင်းမှာ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်တစ်ဦးဖြစ်ပါတယ်။ ဟွန်ဆန်ဟာ လက်ရှိအချိန်မှာ ဝန်ကြီးချုပ်ရာထူးက အနားယူပြီး သားဖြစ်သူဟွန်မာနက်ကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးမယ်လို့ကြေညာထားရာ ဟွန်မာနက်အနေနဲ့ ဒီလအတွင်း ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုဖွယ် ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟီယိုရှီးမားမြို့မှာ လူသိန်းချီသေဆုံးခဲ့ရတဲ့ အမေရိကန်လေတပ်ရဲ့ အဏုမြူဗုံးကြဲချခံရမှု ၇၈ နှစ်ပြည့် ဝမ်းနည်းအောက်မေ့ပွဲအခမ်းအနားများ ကျင်းပ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း