တရုတ်အမျိုးသားကိုယူပါက တစ်လသိန်း(၁ဝဝ)ကျော်ရမည်ဆိုကာ ရောင်းစားရန်စီစဉ်ခဲ့သော အမျိုးသမီး (၄)ဦးကို အလုပ်နှင့်ထောင်ဒဏ် ချမှတ်
သန့်ဇင် (NSS) - ဇူလိုင် ၂၈
အသက် (၁၈)နှစ် မှ (၂၂)နှစ်ကြားရှိသော အမျိုးသမီး(၄)ဦးကို တရုတ်အမျိုးသားကို ယူပါက တစ်လ သိန်း(၁ဝဝ) ကျော်ရမည်ဆိုကာ ရောင်းစားရန်စီစဉ်ခဲ့သော တရားခံအမျိုးသမီး(၄)ဦးကို အလုပ်နှင့်ထောင်ဒဏ် နှစ်(၂ဝ) ချမှတ်ခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
မူဆယ်ခရိုင်တရာရုံးက ပြီးခဲ့သော (ဇူလိုင်လ ၂၆ ရက်) တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နေ ဒေါ်ခမ်းစိန်(ခ) မရှမ်းမ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်နေ မခင်ချိုသက်၊ မခင်သူသူ(ခ)အကြီးမ၊ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်နေ မဝင်းဝင်းတို့ကို အထက်ပါကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ အဆိုပါတရားခံ အမျိုးသမီး(၄)ဦးက မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နေထိုင်သည့် အသက်(၁၈)နှစ်မှ (၂၂)ကြားရှိ အမျိုးသမီး(၄)ဦးကို တရုတ်ယောက်ျားကို ယူလျှင် ငွေကျပ်သိန်း(၅ဝ) မှ သိန်း(၁ဝဝ) ကျော်ထိ ရမည်ဆိုကာ စည်းရုံးခဲ့ကြောင်း သိရသည်။
ထိုသို့စည်းရုံးပြောဆိုကာ တရုတ်ယောက်ျားများထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ ရောင်းစားရန်စီစဉ်ခဲ့သော အမျိုးသမီး(၄)ဦးကို မူဆယ်မြို့မရဲစခန်းက (ပ)၁၂ဝ/၂ဝ၂၃၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၇(က)/၃၈(က)/၄၄ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။
ထို့နောက် မူဆယ်ခရိုင်တရားရုံးမှ ဒေါ်ခမ်းစိန်(ခ)မရှမ်းမ ကိုလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၇(ခ) အရ အလုပ်နှင့်ထောင်ဒဏ်(၃)နှစ်နှင့် ဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ် နှစ်(၂ဝ) ကို သီးခြားစီကျခံစေ ရန် ချမှတ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိသောတရားခံအမျိုးသမီး(၃)ဦးကိုလည်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က) အရ အလုပ်နှင့်ထောင်ဒဏ် နှစ်(၂ဝ) ကို ဆက်လက်ချမှတ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၌ လေယာဥ်မောင်းသင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း