ရန်ကုန်မြို့လယ်ရှိ အခွန်ဦးစီးမှူးရုံး၏ (၃)လွှာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နိုင်ငံ့ဝန်ထမ်းနှင့်အရပ်သားပြည်သူ (၆)ဦးထက်မနည်း ဒဏ်ရာရ
NP News - ဇွန် ၅
ရန်ကုန်မြို့လယ်ရှိ အခွန်ဦးစီးမှူးရုံး၏ (၃)လွှာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နိုင်ငံ့ဝန်ထမ်းနှင့် အရပ်သား (၆)ဦးထက်မနည်း ထိခိုက်ဒဏ်များရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၅ ရက်) နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး၏(၃)လွှာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“အခွန်ရုံးမှာ အသံဗုံးပေါက်တာပါ။ ထမင်းချိုင့်တစ်လုံးအတွင်းက ပေါက်ကွဲခဲ့တာပါ။ အသံဗုံးဆိုပေမယ့်လည်း ပေါက်ကွဲတဲ့အရှိန်ကြောင့် ပိုက်စတွေက မှန်ပြီးတော့ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေတော့ ရှိပါတယ်” ဟု အဆိုပါအခွန်ဦးစီးမှူးရုံးနှင့်နီးစပ်သော သတင်းအရင်းအမြစ်က NP News ကို ပြောသည်။
အဆိုပါအသံဗုံးပေါက်ကွဲမှုကြောင့် အခွန်ဌာနမှ ဝန်ထမ်း(၄)ဦးနှင့် အခွန်ရုံးသို့ အခွန်ကိစ္စများလာရောက်ဆောင်ရွက်သည့် အရပ်သားပြည်သူ(၂)ဦးမှာ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောဆိုထားသည်။
လက်ရှိတွင် အသံဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အခွန်ဦးစီးမှူးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက လာရောက်ကာ အခင်းဖြစ်စဉ် ဖြစ်ပွားခဲ့သောအခြေအနေများကို စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခိုးယူလာသည့်ဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာ အသက်(၆ဝ)အရွယ် ထန်းသီးရောင်းသည့် အဘွားအိုတစ်ဦးသေဆုံး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း