မာဒူရိုအနေဖြင့် ဗင်နီဇွဲလားသမ္မတရာထူးအား အတိုက်အခံခေါင်းဆောင်ထံ လွှဲပြောင်းပေးမည်ဆိုပါက လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု အမေရိကန် ကမ်းလှမ်း
ALynn (NSS) - ဩဂုတ် ၁၂
ဗင်နီဇွဲလားသမ္မတသည် ၎င်း၏နိုင်ငံရေးပြိုင်ဘက်များထံ အာဏာလွှဲပြောင်းပေးမည်ဆိုပါက အမေရိကန်တာဝန်ရှိသူများက နီကိုလက်စ်မာဒူရိုအား “မူးယစ်ဆေးဝါး အကြမ်းဖက်မှု” စွဲချက်များဖြင့် တရားစွဲဆိုထားခြင်းကို ဖယ်ရှားပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းထားသည်ကို Wall Street Journal က တနင်္ဂနွေနေ့ (ဩဂုတ်လ ၁၁ ရက်) တွင် ဖော်ပြခဲ့သည်။
မာဒူရိုသည် ပြီးခဲ့သည့်လက သမ္မတရွေးကောက်ပွဲတွင် ၄၄ ဒသမ ၂ ရာခိုင်နှုန်း မဲရရှိသော အနောက်တိုင်းကျောထောက်နောက်ခံပြု အတိုက်အခံခေါင်းဆောင် ဂွန်ဇာလက်ဇ်ကို ၅၁ ဒသမ ၂ ရာခိုင်နှုန်းအသာဖြင့် အနိုင်ရခဲ့ပြီး တတိယသက်တမ်းကို စတင်ခဲ့သည်။ သို့သော် ဂွန်ဇာလက်ဇ်ကို ထောက်ခံသူများက မဲမသမာမှုများရှိသည်ဟု ဆိုကြပြီး ယခုလအစောပိုင်းတွင် အမေရိကန်မှ ဂွန်ဇာလက်ဇ်အား ဗင်နီဇွဲလားသမ္မတအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။
Wall Street Journal ၏ သတင်းရင်းမြစ်များအရ ယခုအခါ ဝါရှင်တန်သည် ဂွန်ဇာလက်ဇ်အား အာဏာလွှဲအပ်ရန် မာဒူရိုကို ဆွဲဆောင်ဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း ဖော်ပြခဲ့သည်။ မာဒူရို၏ လူယုံများနှင့် လျှို့ဝှက်ဆွေးနွေးမှုတွင် အမေရိကန်က ဗင်နီဇွဲလားသမ္မတနှင့် ၎င်း၏ မဟာမိတ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကမ်းလှမ်းခဲ့ပြီး လက်ရှိတွင် မာဒူရိုသည် အမေရိကန်တွင် မူးယစ်ဆေးစွဲချက်များဖြင့် အလိုရှိစာရင်းဝင်ဖြစ်နေသည်။
ဗင်နီဇွဲလားကို စာနာနားလည်သည့် ဘရာဇီး၊ မက္ကဆီကိုနှင့် ကိုလံဘီယာတို့မှ လက်ဝဲအစိုးရများ ကိုလည်း မာဒူရို လက်ခံလာအောင် စည်းရုံးပေးဖို့ အမေရိကန်က အကူအညီတောင်းနေသည်ဟု ဖော်ပြထားသည်။ ထိုအတောအတွင်း ဂွန်ဇာလက်ဇ်၏ မဟာမိတ်များက မာဒူရို ရာထူးမှ နုတ်ထွက်ပါက လုံခြုံရေး အာမခံချက်ပေးဖို့လည်း ကမ်းလှမ်းထားသည်။
အမေရိကန်တရားရေးဌာနသည် မာဒူရိုအပါအဝင် ဗင်နီဇွဲလားနိုင်ငံရေးနှင့် စစ်ဘက်ခေါင်းဆောင် တစ်ဒါဇင်ကျော်ကို "မူးယစ်အကြမ်းဖက်မှု" ဖြင့် ၂၀၂၀ ခုနှစ်တွင် အမေရိကန်တရားရေးဌာနက စွဲချက်တင်ခဲ့သည်။ ဗင်နီဇွဲလားခေါင်းဆောင်ကို ဖမ်းဆီးပေးနိုင်ပါက ဒေါ်လာ ၁၅ သန်း ဆုချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ၎င်းနှင့် အပေါင်းအပါ တရားခံများအတွက်မူ ဒေါ်လာ ၁၀ သန်း အထိ ဆုကြေးငွေ ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။
မာဒူရို၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို လာမည့်ဇန်နဝါရီလတွင် ပြုလုပ်ရန် စီစဉ်ထားသည်။ လျှို့ဝှက်ဆွေးနွေးပွဲများတွင်ပါ၀င်သည့် အမေရိကန်တာဝန်ရှိသူများက ၎င်းတို့သည် ယင်းမတိုင်မီက သဘောတူညီချက်တစ်ခုရရှိရန် မျှော်လင့်ထားကြောင်း WSJ သို့ ပြောကြားခဲ့ပြီး သတင်းစာတွင် ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခြင်းက မာဒူရိုအား ပြန်လည်ထိန်းချုပ်နိုင်သည့်အချက်တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထရမ့်လက်ထက်တွင် ဗင်နီဇွဲလားရေနံလုပ်ငန်းအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သော်လည်း သမ္မတ ဂျိုးဘိုင်ဒန်သည် ယမန်နှစ်က အဆိုပါပြစ်ဒဏ်များကို ယာယီ ရုတ်သိမ်းခဲ့သည်။
ယခုလအစောပိုင်းတွင် မာဒူရိုက အမေရိကန်နှင့် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးရေးနှင့် အကျဉ်းသားလဲလှယ်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သလို ဝါရှင်တန်အနေဖြင့် ဗင်နီဇွဲလား၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်လည်း သတိပေးခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Kursk ဒေသထိုးစစ်တွင် ယူကရိန်းတပ်ဖွဲ့များအရေးသာနေကြောင်း ရုရှားစစ်တပ် ဝန်ခံ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း