မြဝတီအမှတ်(၂)တံတားကို တပ်မတော်က လေကြောင်းပစ်ကူများဖြင့် ကာကွယ်နေ၊ တိုက်ပွဲပြင်းထန်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေ
မြူနစ် (NSS) - ဧပြီ ၂၀
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီအမှတ်(၂)တံတားကို တပ်မတော်ဘက်က လေကြောင်းပစ်ကူများဖြင့် ကာကွယ်နေလျက်ရှိပြီး နှစ်ဖက်ကြားတိုက်ပွဲပြင်းထန်နေသည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းရရှိသည်။
KNLA၊ PDF ပူးပေါင်းအဖွဲ့များသည် အမှတ်(၂)တံတားအနီးရှိ ခလရ(၂၇၅)တပ်ဖွဲ့ဝင်များကို ယမန်နေ့ညပိုင်းမှစတင်ကာ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်အကြားတိုက်ပွဲများသည် ယနေ့(ဧပြီ ၂၀ ရက်) ညနေပိုင်းအထိ ပြင်းထန်နေဆဲဖြစ်သည်။
လက်ရှိတွင် တပ်မတော်အနေဖြင့် လေကြောင်းပစ်ကူများကို အသုံးပြုကာ ကာကွယ်တိုက်ခိုက်နေလျက်ရှိကြောင်းလည်း မြဝတီမြို့ခံများက ဆိုသည်။
“အမှတ်(၂)တံတားကတော့ ကျသွားတာ မရှိသေးပါဘူး။ အဲဒီမှာက အဆောက်အအုံတွေက ကောင်းတယ်။ အဲဒါကို ကာဗာလုပ်ပြီးတော့ တောင့်ခံနေတဲ့သဘောရှိတယ်။ အခုအချိန်ထိ ချနေတုန်းပဲ။ လေယာဉ်က Y-12 လာလိုက်၊ Mi 35 လာလိုက်နဲ့ ပတ်ပြီးတော့ ပစ်နေတာရှိတယ်” ဟု မြဝတီမြို့ခံတစ်ဦးက NSS ကို ပြောသည်။
ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေသည့် မြဝတီမြို့အမှတ်(၂)တံတားနေရာသည် မြို့၏ အမှတ်(၅)ရပ်ကွက်အတွင်း၌တည်ရှိပြီး တိုက်ပွဲပြင်းထန်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း မြို့ခံများက ဆိုသည်။
“အရပ်သားထိခိုက်တာတွေ ရှိတယ်။ အဲဒီမှာ သားမိနှစ်ယောက် ဆိုင်ကနေ ပြန်လာချိန်မှာ တစ်ဖက်ကပစ်တဲ့ကျည်ကြောင့် ထိသွားတာရှိတယ်။ နောက်ပြီးတော့ မဟာစည်ဘုန်းကြီး ကျောင်းမှာလည်း လက်နက်ကြီးကျတာရှိတယ်။ အဲဒီမှာတော့ မိန်းကလေးတစ်ယောက် ထိပြီး သေသွားတယ်ကြားတယ်။ နောက် (၁၂)ဂိတ်ထဲမှာလည်း ကျတယ်လို့ ကြားတယ်။ အဲဒီမှာလည်း ထိတဲ့လူတွေ၊ သေတဲ့လူတွေ ရှိတယ်လို့ကြားတယ်။ အခုချိန်ထိတော့ စာရင်းက တိတိကျကျမသိရသေးဘူး”ဟု မြဝတီမြို့ခံက ဆက်လက်ပြောသည်။
မြဝတီမြို့အမှတ်(၂)တံတားအနီးတွင် ယခုကဲ့သို့ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံပြည်သူအများအပြားသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကာ စစ်ဘေးရှောင်နေလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ယခုကဲ့သို့ ပြင်းထန်နေသည့်တိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ထိုင်းဘက်ခြမ်းတွင်လည်း ထိုင်းနိုင်ငံက လုံခြုံရေးအင်အားတိုးမြှင့်ချထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှာ ပစ်ခတ်မှုကြောင့် အထက်တန်းကျောင်း ကျောင်းသားငါးဦး ဒဏ်ရာရ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း