ဗီယက်နမ်သမ္မတ ရာထူးမှနှုတ်ထွက်ခြင်းကြောင့် နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးအပေါ် စိုးရိမ်မှုများ မြင့်မားလာ
ALynn (NSS) - မတ် ၂၁
ဗီယက်နမ်ကွန်မြူနစ်ပါတီသည် နိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ထိခိုက်လာနိုင်သည့် နိုင်ငံရေးမတည်ငြိမ်မှုများ၏ လက္ခဏာတစ်ရပ်အဖြစ် သမ္မတ Vo Van Thuong ၏ နုတ်ထွက်စာကို မတ်လ ၂၀ ရက် (ဗုဒ္ဓဟူးနေ့)က လက်ခံလိုက်ကြောင်း သိရသည်။
အစိုးရ၏ ကြေညာချက်တွင် Thuong သည် ပါတီစည်းမျဥ်းစည်းကမ်းများကို ဖောက်ဖျက်ကြောင်း “Thuong ၏ ချို့ယွင်းချက်များသည် လူထုအမြင်ကို ထိခိုက်စေခဲ့ပြီး ပါတီ၊ နိုင်ငံတော် နှင့် ပုဂ္ဂိုလ်ရေးအရ ဂုဏ်သိက္ခာကို ထိခိုက်စေသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ကွန်မြူနစ်ပါတီအုပ်ချုပ်သော ဗီယက်နမ်ရှိ ထိပ်တန်းဆုံးဖြတ်ချက်ချသည့်အဖွဲ့ဖြစ်သော ဗဟိုပါတီကော်မတီသည် Thuong ရွေးကောက်ခံရပြီး တစ်နှစ်ခန့်အကြာတွင် ထိုကဲ့သို့ Thuong ၏ နုတ်ထွက်စာကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
သမ္မတသည် အခမ်းအနားများတက်ရောက်ရသည့် အခန်းကဏ္ဍကိုသာ ရရှိထားသော်လည်း အရှေ့တောင်အာရှနိုင်ငံများတွင် ထိပ်တန်းနိုင်ငံရေးရာထူး လေးခုအနက်မှတစ်ခုဖြစ်သည်။ မတ်လ ၂၁ ရက် (ကြာသပတေးနေ့)တွင် ဗီယက်နမ် ပါလီမန်၏ အထူးအစည်းအဝေးကို ကျင်းပရန်ရည်ရွယ်ထားပြီး ပါတီ၏ ဆုံးဖြတ်ချက်များကို အတည်ပြုသွားမည်ဖြစ်သည်။ အစိုးရ၏ ထုတ်ပြန်ချက်တွင် Thuong ၏ ချို့ယွင်းချက်များကို အသေးစိတ် မဖော်ပြထားသော်လည်း မကြာသေးမီက တစ်ပါတီအစိုးရ၏ ခေါင်းဆောင်မှု အပြောင်း အလဲများသည် ကျယ်ပြန့်သော လာဘ်ပေးလာဘ်ယူမှု ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် ဆက်စပ်နေပါသည်။ ၎င်းသည် အဂတိလိုက်စားမှုကို ကျယ်ကျယ်ပြန့်ပြန့်ချေမှုန်းရန် ရည်ရွယ်သော်လည်း ၎င်းဖြစ်ရပ်များသည် နိုင်ငံရေးအရ ပြိုင်ဆိုင်မှုများ၊ ထိုးနှက်မှုများဟုသာ ဝေဖန်သူများက သံသယရှိနေကြသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် သံတမန်များသည် ရှုပ်ထွေး ပွေလီသော ဗျူရိုကရေစီနှင့် ရုန်းကန် နေရသော နိုင်ငံတစ်ခုတွင် ဆုံးဖြတ် ချက်များ နှေးကွေးသွားသည့်အတွက် အဂတိတိုက်ဖျက်ရေး အစီအမံများကို အကြိမ်ကြိမ် အပြစ်တင်ကြသည်။
လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်းက Thuong သည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Ngai ပြည်နယ်၏ အကြီးအကဲဟောင်းအဖြစ်တာဝန်ထမ်းဆောင်စဉ် အကျင့်ပျက်ခြစားခဲ့ကြောင်း ရဲများက ကြေညာပြီးနောက် ရက်ပိုင်းအတွင်း ၎င်းက ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ Thuong သည် ဗီယက်နမ်နိုင်ငံ၏ သြဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု၏ အဓိကပဲ့ကိုင်ရှင် ငုယင်ဖူထရွန်နှင့် နီးစပ်သူအဖြစ် အားလုံးက မှတ်ယူထားကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းလူ့အခွင့်အရေးနှင့်ပတ်သက်ပြီး အစ္စရေးကို ဖိအားပေးရန် သမ္မတဂျိုးဘိုင်ဒန်ကို အမေရိကန်အရာရှိဟောင်းအများအပြား တိုက်တွန်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း