မိဘများအလစ်တွင် ကလေးကိုခေါ်သွားကာ တောင်းရမ်းခိုင်းသည့်ဖြစ်စဉ် ရွှေပြည်သာမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး အချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့
သန့်ဇင်(NSS) - မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ မိဘများအလစ်တွင် ကလေးကိုခေါ်သွားကာ တောင်းရမ်းခိုင်းသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ကလေးငယ်ကို အချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း We Love Care လူမှုကူညီရေးအသင်းထံမှ သိရသည်။
ခေါ်ဆောင်ခံရသည့် ဖြစ်စဉ်သည် မတ်လ ၁၂ရက်၊ ညနေ ၅နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာပန်းခြံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွှေပြည်သာမြို့နယ်တွင်နေထိုင်သည့် အသက်(၅)နှစ်အရွယ် မနန္ဒာဝင်း(ခ) ပေါက် ပေါက်စိဖြစ်ပြီး အဆိုပါကလေးငယ်ကို မတ်လ ၁၃ ရက်၊ နံနက် ၁၀နာရီအချိန်တွင် တညင်းကုန်းလမ်းဆုံ၏ လမ်းမပေါ်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ညနေပိုင်းလောက်မှာပေါ့။ ကလေးက သူ့အဖေနဲ့ ရွှေပြည်သာပန်းခြံမှာ အခါတိုင်း ကစားနေကျအတိုင်း ကစားနေတုန်းမှာ အဖေက ကလေးကိုထားခဲ့ပြီး မလှမ်းမကမ်းက ဆိုင်တစ်ခုမှာ ခဏလေးပစ္စည်းသွားဝယ်တာမှာ ကလေးကပျောက်သွားတာပေါ့။ အဲဒါနဲ့ ကျွန်တော်တို့ကိုခေါ်ပြီး လိုက်လံရှာဖွေရေးလုပ်လိုက်တာမှာ CCTV တွေကနေလိုက်ရှာရတာပေါ့။ အဲဒီမှာ ဘာစတွေ့လည်းဆိုတော့ အသက်(၁၁) နှစ်အရွယ် ကလေးတစ်ယောက်က ဒီကလေးလေးကို မုန့်ထုတ်လေးတစ်ခုနဲ့ခေါ်ပြီး ပန်းခြံထဲက ထွက်သွားတာပေါ့။ အဲဒီကနေမှ CCTV တွေ ဆက်ကြည့်လိုက်တဲ့အခါမှာ ကလေး(၂) ယောက်က အမှတ်(၂)လမ်းမကြီးဘက်ကို ထွက်သွားပြီး မျက်ခြေပြတ်သွားတယ်ပေါ့” ဟု We Love Care လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့နောက် ကလေးကို ဆက်လက်ရှာဖွေခဲ့ရာ Online ပေါ်တွင် တင်ထားသည့် ဗွီဒီယိုကိုကြည့်ထားမိသူ အမျိုးသားတစ်ဦး၏ သတင်းပေးချက်အရ ကလေးခေါ်သွားသူများကို ကွင်းဆက်ရရှိမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။
“ကလေးကို ပြန်တွေ့တာက ဦးလေးတစ်ယောက်ပါ။ သူကလည်း CCTV တွေကြည့်ထားတော့ လိုက်ရှာရင်းနဲ့ ဘေးတွဲသမားတွေလည်း မေးပေါ့။ အဲဒီမှာ ဦးလေးက ဆက်မေးရင်းနဲ့လိုက်တာမှာ ဒီနေ့မနက်ကြတော့ ကလေးငယ်ကို ဒညင်းကုန်းမှာ တွေ့တာပေါ့။ အဲဒီမှာ ကလေးကိုမေးကြည့်လိုက်တော့ ညနေကတော့ သူကားတစ်စီးကိုသွားတောင်းရတယ်ပေါ့။ ကလေးကပြန် ပြောပြတာတော့ ညတစ်ညလုံးထမင်းမစားရဘူးပေါ့နော်။ အဲလိုနဲ့ဖြစ်စဉ်တွေကို ခြုံကြည့်လိုက်တော့ မျက်မြင်တွေရဲ့ပြောပြချက်အရ တောင်းရမ်းတဲ့အဖွဲ့က ခေါ်သွားတယ်ဆိုတဲ့အရာရယ်၊ ကလေးငယ်လေးပြောပြတဲ့အတိုင်း သူကိုယ်တိုင်တောင်းခဲ့ရတယ်ဆိုတာ တွေကြောင့် တောင်းရမ်းတဲ့အဖွဲ့က ခေါ်သွားတာလို့ပြောရပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ကလေးငယ်သည် ရွှေပြည်သာမြို့နယ်ရှိ မိဘများနေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကာ ကျန်းမာရေးကောင်းမွန်ကြောင်းလည်း သိရသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်ရှိမြို့ရွာများ၌ ကလေးငယ်များအပါအဝင် လူပျောက်မှုဖြစ်စဉ်များ ပိုမိုများပြားလာလျက်ရှိပြီး မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှုများလည်း ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှားပါးမျိုးစိတ် ကြောင်လိမ်ကျွမ်းထိုးလင်းပိုင် (၁၅)ကောင်ကို မော်တင်စွန်းကမ်းခြေအနီး၌ တွေ့ရှိ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း