ယူကရိန်းအတွက် ဒေါ်လာသန်း ၃ဝဝ တန်ဖိုးရှိ စစ်ရေးအထောက်အပံ့များ ပေးသွားမည်ဖြစ်ကြောင်း ဘိုင်ဒင်အစိုးရ ကြေညာ
ALynn (NSS) - မတ် ၁၃
ဘိုင်ဒင်အစိုးရသည် ယူကရိန်းအား ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ စစ်ရေးအထောက်အပံ့ပေးမည်ဖြစ်ကြောင်း မတ်လ ၁၂ ရက် (အင်္ဂါနေ့) က ထုတ်ပြန်ကြေညာခဲ့သည်။
အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က “ရုရှားတို့သည် စစ်မြေပြင်တွင် အသာစီးရနေကြသော်လည်း ယူကရိန်းဘက်မှ ပြန်လည်တိုက်ခိုက်စရာလက်နက် အလုံအလောက်မရှိခြင်းကြောင့် နယ်မြေများနှင့် အသက် ပေါင်းများစွာဆုံးရှုံးနေရကာ ၎င်းအခြေအနေသည် အမေရိကန်နှင့် နေတိုးမဟာမိတ်များကို မဟာဗျူဟာအရ ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေကြောင်း” အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။
သမ္မတဘိုင်ဒင်က ၎င်းအထောက်အပံ့သည် လုံလောက်မည်မဟုတ်ကြောင်း နှင့် ကွန်ဂရက်စ်အနေဖြင့် ထပ်တိုး ထောက်ပံ့မှုများ ပေးသင့်ကြောင်း မကြာသေးမီက ဖော်ပြခဲ့သည်။
ယခုပေးမည့်အထောက်အပံ့တွင် “လေယာဉ်ပစ်ဒုံးကျည်များ၊ HIMARS အတွက် အပိုကျည်များ၊ အမြှောက်များ၊ ပေါက်ကွဲအားမြင့်လက်နက်များ၊ AT4 လက်နက်များ၊ အတားအဆီး ရှင်းလင်းရေးဖောက်ခွဲပစ္စည်းများနှင့် အခြား သော အကူကိရိယာများပါဝင်သည်။ ပင်တဂွန်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒေါ်လာ ၄ ဘီလျံ ခန့်တန်ဖိုးရှိ လက်နက်များကို ယူကရိန်းထံပေးအပ်ရန် အခွင့်အာဏာရှိသော်လည်း ပင်တဂွန်သည် အမေရိကန်လက်နက်တိုက် အတွက် ပြန်လည်ဖြည့်တင်းရန် လက်ကျန်ငွေမရှိတော့သောကြောင့် အထောက်အပံ့ကို တိုးမြှင့်ပေးရန် တွန့်ဆုတ် နေခဲ့သည်။
ယခု ပေးမည့်အထောက်အပံ့သည်လည်း ယူကရိန်းအတွက် ရေရှည်တွင် အဆင်ပြေနိုင်မည်မဟုတ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက “၎င်းအထောက်အပံ့က ယူကရိန်းအတွက် ရေရှည်ခံမည်မဟုတ်ကြောင်း၊ ယူကရိန်း အတွက် လက်နက်များ အရေးတကြီးလိုအပ်နေသော်လည်း အောက်လွှတ်တော်ရှိ ရီပက်ဘလစ်ကန်အမတ်များက ထပ်တိုးအထောက်အပံ့များပေးဖို့ငြင်းဆန်မှုများ ရှိနေကြောင်း” ပြောကြားခဲ့သည်။
ယူကရိန်းသည် အမေရိကန်ထံမှ လက်နက်အထောက်အပံ့များမရှိဘဲ စစ်ပွဲတွင်အနိုင်ရဖို့ခဲယဉ်းနေသည်။ ထို့ကြောင့်လည်း ယူကရိန်းသည် ရုရှားထံ နယ်မြေအများအပြားဆုံးရှုံးနေရပြီး လတ်တလောတွင် ယူကရိန်း အရှေ့ပိုင်းရှိ Avdiivka မြို့ကို ရုရှားတို့ သိမ်းပိုက်သွားနိုင်ခဲ့သည်။ ထိုကဲ့သို့ ယူကရိန်းတပ်များ အထိနာလာလေလေ သမ္မတဘိုင်ဒင်သည် အထက်လွှတ်တော်တွင် ဆုံးဖြတ်ပြီးဖြစ်သည့် ယူကရိန်းအတွက် ဒေါ်လာဘီလျံ ၆၀ တန်ဖိုးရှိ ဖြည့်စွတ်အထောက်အပံ့များကို အတည်ပြုပေးရန် အောက်လွှတ်တော်ကို ကြိမ်ဖန်များစွာတိုက်တွန်းလျက်ရှိ ပါသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိဘများအလစ်တွင် ကလေးကိုခေါ်သွားကာ တောင်းရမ်းခိုင်းသည့်ဖြစ်စဉ် ရွှေပြည်သာမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး အချိန်မီပြန်လည်ကယ်တင်နိုင်ခဲ့
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ