ယခုနွေရာသီ၌ နေ့အပူချိန်မြင့်တက်၍ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းဖြစ်စဥ်များ ကြုံတွေ့ရနိုင်ဟု မိုးဇလဆို
ယွန်း (NSS) - မတ် ၁
ယခုနွေရာသီ၌ နေ့အပူချိန်မြင့်တက်ခါ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်း၊ မိုးသီးကြွေခြင်းဖြစ်စဥ်များ ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လ(၁)ရက်တွင် အသိပေးထားသည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လ၊ ဧပြီလနှင့် မေလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်နိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
“မတ်လဆိုရင် နွေစပြီပေါ့။ တဖြည်းဖြည်းနဲ့ မတ်၊ ဧပြီ၊ မေ မုတ်သုံမဝင်မချင်းမှာ နွေရဲ့သဘောတရားအရ အပူချိန်ကမြင့်လာမှာပေါ့။ အပူချိန်မြင့်လာတာ နဲ့အမျှ လေထုမငြိမ်သက်မှုဖြစ်စဥ်တွေလည်း များလာမှာပေါ့။ သဘောတရားအရ နေအရမ်းပူလာရင် လေပါပူလာတာလေ။ နေပူရင် လေပါပူတာမျိုးရှိလာတယ်” ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက The Statesman ဂျာနယ်ကို ပြော သည်။
ထိုသို့ နေ့အပူချိန်များမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းတိုက်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
“များသောအားဖြင့်တော့ တစ်ပြည်လုံးလိုလိုမှာဖြစ်မယ်။ အဖြစ်အများဆုံးကတော့ လေထုမငြိမ်မသက်မှုဖြစ်စဥ်များတဲ့ဒေသတွေပေါ့။ အပူချိန်ပိုလာတဲ့နေရာတွေ၊ ရေခိုးရေငွေ့တွေများများ ရနိုင်တဲ့နေရာတွေမှာ ပိုဖြစ်နိုင်တယ်။ အဖြစ်နည်းမှာကတော့ အပူချိန်လျော့တဲ့ရှမ်းပြည်တို့ ဘာတို့မှာတော့ သိပ်မဖြစ်ဘူး။ အပူချိန်တိုးတဲ့နေရာတွေမှာတော့ ဖြစ်နိုင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ယခုမတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်ပေါ်လာနိုင်ပြီး အပူချိန်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
အပူချိန်မြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အဆိုပါဖြစ်စဥ်များသည် မုတ်သုံမဝင်ရောက်မီကာလအထိ ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများအနေ ဖြင့် ယခုနွေကာလတွင် ဖြစ်ပေါ်လာနိုင်သော မိုးလေဝသဖြစ်စဥ်များကို အထူးဂရုပြုနေထိုင်ရန် မိုးဇလမှ အကြံပြုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာကျောင်းသား တစ်ထောင်ကို အမေရိကန် USAID တက္ကသိုလ်ပညာသင်ဆု ပေးအပ်မည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း