အီရန်က ရုရှားကို ပဲ့ထိန်းဒုံးကျည်ရာချီ ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ်များပြော
Pika (NSS) - ဖေဖော်ဝါရီ ၂၂
အီရန်နိုင်ငံသည် ရုရှားနိုင်ငံကို အင်အားပြင်း မြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်အများအပြား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရင်းမြစ်ခြောက်ခုက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါပဲ့ထိန်းဒုံးကျည် အများအပြားပေးပို့မှုသည် ရုရှားနှင့်အီရန်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေကြောင်း ၎င်းတို့ကထပ်မံ ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံသို့ အီရန်က ထောက်ပံ့ပေးခဲ့သော ဒုံးကျည်အစင်းရေ(၄၀၀)ဝန်းကျင်တွင် Fateh-110 အမျိုးအစား တာတိုပစ်ပဲ့ထိန်းဒုံးကျည်မျိုးဆက်များဖြစ်သော Zolfaghar ဒုံးကျည်ကဲ့သို့ ဒုံးကျည်အများအပြားပါဝင်ကြောင်း အီရန်သတင်းရင်းမြစ်သုံးခုက ပြောကြားခဲ့သည်။ အဆိုပါတာတိုပစ်ပဲ့ထိန်းဒုံးကျည်များသည် အကွာအဝေး ကီလိုမီတာ (၃၀၀)မှ (၇၀၀)ကြားရှိ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ အီရန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်တပ်တို့သည် အဆိုပါသတင်းများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။
ထို့ပြင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း မှတ်ချက်ပေးရန် တောင်းဆိုမှုများကို ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ အီရန်နိုင်ငံက ရုရှားကို ပဲ့ထိန်းဒုံးကျည်ရာချီထောက်ပံ့ပေးမှုနှင့်ပတ်သက်ပြီး တရားဝင်သတင်းအချက်အလက်များမရှိသေးကြောင်း ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူ ယူရီအစ်ဂ်နက်က "လက်ရှိအချိန်အထိတော့ ကျွန်တော်တို့ရဲ့ တရားဝင်သတင်းရင်းမြစ်တွေဟာ အီရန်က ရုရှားကို ဒုံးကျည်အများအပြားထောက်ပံ့ပေးခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို မရရှိသေးပါဘူး"ဟု ပြောဆိုခဲ့သည်။
ရုရှားနိုင်ငံသို့ ဒုံးကျည်ပေးပို့မှု အနည်းဆုံးလေးကြိမ်ထိရှိခဲ့ပြီး လာမည့်သီတင်းပတ်များအတွင်း နောက်ထပ်တင်ပို့မှုများ ရှိလာဦးမည်ဖြစ်ကြောင်း အီရန်စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းက နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ကြောင်းသိရသည်။ ဒုံးကျည်အချို့ကို ကတ်စပီယန်ပင်လယ်မှတစ်ဆင့် သင်္ဘောဖြင့် ရုရှားနိုင်ငံသို့ပေးပို့ခဲ့ပြီး အချို့ကို လေယာဉ်ဖြင့် ပို့ ဆောင်ခဲ့ကြောင်း အခြားအီရန်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းက"နောက်ထပ် ပေးပို့မှုတွေ ရှိလာဦးမှာပါ။ ဒီလိုပေးပို့တာတွေကို ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ ဆန္ဒရှိတဲ့ ဘယ်နိုင်ငံကိုမဆို လက်နက်တင်ပို့ခွင့်ရှိပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားခေါင်းဆောင်ကို ရုရှားသမ္မတပူတင်ပေးခဲ့သည့် လက်ဆောင်က တရားမဝင်ကြောင်း အမေရိကန်အစိုးရဝေဖန်ပြစ်တင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ