ပိုလန်လယ်သမားများက ယူကရိန်းနယ်စပ်တစ်လျှောက် ပိတ်ဆို့ဆန္ဒပြ
ALynn (NSS) - ဖေဖော်ဝါရီ ၂၁
ဖေဖော်ဝါရီလ ၂ဝ ရက် (အင်္ဂါနေ့) က ပိုလန်လယ်သမားများသည် အိမ်နီးချင်း ယူကရိန်းကို ဆန္ဒပြမှုများ ဆောင်ရွက်ခဲ့သည်။ ယူကရိန်းကလည်း ပိုလန်ဆန္ဒပြသူများသည် နယ်စပ်ကို ပိတ်ဆို့ပြီး ရထားတွဲများကိုဖွင့်ကာ ကောက်ပဲသီးနှံများဖိတ်ကျစေခဲ့ခြင်းကြောင့် ဥရောပကော်မရှင်အား အရေးယူပေးဖို့ တောင်းဆိုထားသည်။ ပိုလန် သည် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ချိန်ကတည်းက ယူကရိန်းအား ထောက်ခံဝန်းရံခဲ့သော်လည်း ကောက်ပဲသီးနှံ ဈေးကွက်တွင် ယူကရိန်း၏ မျှတမှုမရှိ ယှဉ်ပြိုင်ခြင်းများကြောင့် ထိုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။
ဆန္ဒပြလယ်သမားများသည် ယူကရိန်းနယ်စပ်တစ်လျှောက်လုံးနှင့် ဆိပ်ကမ်းများ၊ လမ်းများကို အကြီးအကျယ် ပိတ်ဆို့ထားခဲ့ကြသည်။ ယူကရိန်း ဒုဝန်ကြီးချုပ်က “ရထားလမ်းတစ်လျှောက် ကောက်နှံတွေ ပြန့်ကျဲနေခြင်းက ကျွန်ုပ်တို့နိုင်ငံတွေအကြား နောက်ထပ်နိုင်ငံရေးလှုံ့ဆော်မှုကို ရည်ရွယ်နေပါတယ်” ဟု X မီဒီယာတွင် ရေးသားခဲ့သည်။
ယူကရိန်းစီးပွားရေးဝန်ကြီးက “ပိုလန် ဆန္ဒပြသူများ၏ လုပ်ရပ်ကို ဥရောပသမဂ္ဂထံအကြောင်းကြားထားပြီးဖြစ် ကြောင်းနှင့် ထိရောက် သည့် တုံ့ပြန်မှုကို မျှော်လင့်နေကြောင်း” ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဝန်ကြီးကလည်း “အဆိုပါ ကောက်ပဲသီးနှံတွေက ဂျာမနီထံတင်ပို့ဖို့သာဖြစ်ပြီး ပိုလန်ဈေးကွက်ကို ဝင်ရောက်မှာ မဟုတ် ကြောင်း” ပြောခဲ့သည်။ ပိုလန်သမ္မတက “အစိုးရသည် လယ်သမားများ၊ ကုန်သွယ်ရေးသမဂ္ဂများ နှင့် ညှိနှိုင်းလျက်ရှိနေပြီး ဆွေးနွေးအဖြေရှာနိုင်လိမ့်မည်ဖြစ်ကြောင်း” ယူကရိန်းရုပ်သံဌာနသို့ ပြောကြားခဲ့သည်။
ရာသီဥတုဆိုင်ရာအစီအမံများနှင့်ပတ်သက်၍ ဥရောပသမဂ္ဂက ချမှတ်ထားသော ကန့်သတ်ချက် များသည် ဥရောပ ရှိ လယ်သမားများအတွက် ပြည်ပဈေးကွက်နှင့် ယှဉ်ပြိုင်ရာတွင် တရားမျှတမှု မရှိသလိုဖြစ်စေသည်။ အထူးသဖြင့် ယူကရိန်းအပေါ် ကုန်သွယ်ခွန်များလျှော့ပေါ့ပေးသည့် အီးယူ၏ ဆုံးဖြတ်ချက်သည် အီးယူနိုင်ငံများကို အထိနာစေ သည်။
ယူကရိန်းက ၎င်းတို့၏ စိုက်ပျိုးရေးပို့ကုန်များသည် အီးယူဈေးကွက်များကို ထိခိုက်နစ်နာခြင်းမရှိကြောင်းနှင့် ယူကရိန်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များကလည်း တန်ပြန်ဆန္ဒပြမှုများကို မတ်လ ၁၅ ရက်နေ့တိုင်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် “နယ်စပ်များကို ပိတ်ဆို့ဆန္ဒပြခြင်းသည် ယူကရိန်း၏ ကာကွယ်ရေးကဏ္ဍအပေါ် သက်ရောက်မှုရှိလာပြီး ရုရှားတို့၏ရည်မှန်းချက်ကို အထောက်အပံ့ပေးနေရာရောက်ကြောင်း" ယူကရိန်းသမ္မတက ထိုဆန္ဒပြပွဲနှင့် ပတ်သက်၍ မှတ်ချက်ပြုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူမှုထူးချွန်ဆုရ ဝါရင်လူရွှင်တော် ဦးအုန်းသန်း(ခ) ဦးဥသြ(ဟင်္သာတ)၊ အသက်(၇၈) နှစ်၏ နာရေးအခမ်းအနားမြင်ကွင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း