ECOWAS အဖွဲ့မှ နှုတ်ထွက်လိုက်ကြောင်း ဘာကီနာဖာဆို၊ မာလီ နှင့် နိုင်ဂျာအစိုးရတို့ ထုတ်ပြန်ကြေညာ
Pika (NSS) - ဇန်နဝါရီ ၂၉
ဘာကီနာဖာဆို၊ မာလီ နှင့် နိုင်ဂျာနိုင်ငံတို့သည် အနောက်အာဖရိကအုပ်စု ECOWAS မှ နှုတ်ထွက်လိုက်ကြောင်း ၎င်းတို့၏ စစ်အစိုးရများက ဇန်နဝါရီလ(၂၈)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ECOWAS အဖွဲ့သည် အဖွဲ့ဝင်နိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာသောကြောင့် ယခုကဲ့သို့ နှုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်တွင် "အနောက်အာဖရိကနိုင်ငံတွေရဲ့စီးပွားရေးအသိုင်းအဝိုင်းကနေ နှောင့်နှေးမှုမရှိဘဲ နှုတ်ထွက်လိုက်ခြင်းဟာ အချုပ်အခြာအာဏာပိုင်ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်" ဟု ရေးသားထားသည်။
အစွန်းရောက်အကြမ်းဖက်မှုများနှင့် ဆင်းရဲမွဲတေမှုတို့ဖြင့် ရုန်းကန်နေရသော ဘာကီနာဖာဆို၊ မာလီ နှင့် နိုင်ဂျာ နိုင်ငံတို့သည် အာဏာသိမ်းမှုများဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ECOWAS အဖွဲ့နှင့် တင်းမာမှုများရှိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မာလီနိုင်ငံတွင် ၂ဝ၂ဝ ပြည့်နှစ်မှာ စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီး ဘာကီနာဖာဆိုနိုင်ငံတွင် ၂ဝ၂၂ ခုနှစ်မှာ အာဏာသိမ်းယူခြင်းဖြစ်ပွားခဲ့ကာ နိုင်ဂျာနိုင်ငံတွင် အာဏာသိမ်းမှုမှာ ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ECOWAS အဖွဲ့သည် နိုင်ဂျာ နှင့် မာလီနိုင်ငံတို့တွင် အရပ်သားအစိုးရပြန်လည်ရောက်ရှိရေးအတွက် တွန်းအားပေးနိုင်ရန် ကြိုးပမ်းခဲ့ပြီး ပိတ်ဆို့အရေးယူမှုများကို ချမှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်ခြင်း များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် "အဖွဲ့ဝင်နိုင်ငံ(၁၅)နိုင်ငံရှိတဲ့ ECOWAS အဖွဲ့ဟာ နိုင်ငံခြားအာဏာတွေရဲ့လွှမ်းမိုးမှုအောက်မှာရှိနေပြီး တည်ထောင်မှုအခြေခံမူတွေကို ဖောက်ဖျက်ခြင်းဟာ အဖွဲ့ဝင်နိုင်ငံတွေနဲ့ပြည်သူတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနေပါတယ်" ဟု ရေးသားထားသည်။
ECOWAS အဖွဲ့သည် မာလီ၊ဘာကီနာဖာဆိုနှင့် နိုင်ဂျာတို့တွင်ရှိနေသော အစွန်းရောက်လက်နက်ကိုင်တပ်ဖွဲ့များကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီရန် ပျက်ကွက်ခဲ့ကြောင်း ၎င်းတို့က စွပ်စွဲပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်ပေါင်း(၅ဝ)ကြာ အသုံးပြုနိုင်ပြီး အားပြန်သွင်းရန်မလိုအပ်သည့် သေးငယ်သော အက်တမ်ဘတ္ထရီကို တရုတ်ကုမ္ပဏီတီထွင်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ