အီရန်အစိုးရက ဂြိုလ်တု(၃)လုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ထပ်မံလွှတ်တင်
Pika (NSS) - ဇန်နဝါရီ ၂၉
အီရန်အစိုးရသည် သုတေသနဂြိုလ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်ခဲ့ပြီးနောက် တစ်ပတ်နီးပါးအကြာ ဇန်နဝါရီလ(၂၈)ရက်တွင် နောက်ထပ်ဂြိုလ်တု(၃)လုံးကို ထပ်မံလွှတ်တင်ခဲ့ကြောင်း သိရသည်။
IRNA သတင်းအေဂျင်စီက "ပထမဆုံးအကြိမ်အဖြစ် ဂြိုလ်တုသုံးလုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲဒီဂြိုလ်တုတွေကို အဆင့်နှစ်ဆင့် Simorgh (Phoenix) ဒုံးပျံယာဉ်က သယ်ဆောင်သွားတာဖြစ်ပြီး (၄၅ဝ)ကီလိုမီတာအကွာမှာရှိတဲ့ အနိမ့်ဆုံးကမ္ဘာပတ်လမ်းကြောင်းထဲကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်" ဟု ရေးသားထားသည်။
Mahda ဂြိုလ်တုသည် (၃၂)ကီလိုဂရမ်ဝန်းကျင် အလေးချိန်ရှိပြီး အီရန်၏ အာကာသအေဂျင်စီက တီထွင်ခဲ့ခြင်းဖြစ် ကာ အဆင့်မြင့်ဂြိုလ်တုစနစ်ခွဲများကို စမ်းသပ်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း IRNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
အခြားဂြိုလ်တုနှစ်ခုဖြစ်သည့် Kayhan 2 နှင့် Hatef တို့သည် (၁ဝ)ကီလိုဂရမ်အောက် အလေးချိန်ရှိပြီး အာကာသ အခြေစိုက်တည်နေရာပြနည်းပညာနှင့် narrowband ဆက်သွယ်ရေးကို စမ်းသပ်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် အီရန်အစိုးရသည် သုတေသနဂြိုလ်တု Soraya ကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။ အီရန်၏ ဂြိုလ်တုလွှတ်တင်မှုကို ဗြိတိန်၊ ပြင်သစ် နှင့် ဂျာမနီနိုင်ငံတို့က ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။
အမေရိကန်နိုင်ငံ အပါအဝင် အနောက်အုပ်စုနိုင်ငံများ၏ အစိုးရများသည် အီရန်ကို ဂြိုလ်တုလွှတ်တင်ခြင်းများ မလုပ်ဆောင်ရန် အကြိမ်ကြိမ်သတိပေးခဲ့ကြောင်းလည်း သိရသည်။ အီရန်အစိုးရ၏ ဂြိုလ်တုလွှတ်တင်မှုနည်းပညာသည် နျူကလီးယားထိပ်ဖူးများကို တပ်ဆင်ခြင်း အပါအဝင် ပဲ့ထိန်းဒုံးကျည်များတွင် အသုံးပြုနိုင်ကြောင်း အနောက်အုပ်စုနိုင်ငံများက စွပ်စွဲခဲ့သည်။
အဆိုပါဂြိုလ်တုလွှတ်တင်မှုများသည် နျူကလီးယားလက်နက်များအတွက် နည်းလမ်းများကို ရှာဖွေနေခြင်းမဟုတ်သည့်အပြင် အရပ်ဘက်သို့မဟုတ် ကာကွယ်ရေးရည်ရွယ်ချက်တစ်ခုတည်းအတွက်သာဖြစ်ကြောင်း အီရန်အစိုးရက ပြန်လည်တုံ့ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ECOWAS အဖွဲ့မှ နှုတ်ထွက်လိုက်ကြောင်း ဘာကီနာဖာဆို၊ မာလီ နှင့် နိုင်ဂျာအစိုးရတို့ ထုတ်ပြန်ကြေညာ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ