မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရသူအရေအတွက် တိုးလာနေပြီး ပြည်သူတွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှု များပြားလာနေ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၁ဝ
လက်နက်ကိုင်အဖွဲ့မျိုးစုံနဲ့ တပ်မတော်တို့ရဲ့အောက်တိုဘာလနှောင်းပိုင်းကစပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေ ကြောင့် တိုင်းနဲ့ ပြည်နယ်များစွာတို့မှာနေရပ်စွန့်ခွာရသူဦးရေ တိုးလာနေပြီး အရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတွေ များလာနေပါတယ်။
တပ်မတော် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား အောက်တိုဘာလ ၂၆ ရက်ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့မှာ လူဦးရေ ၆၆ဝဝဝဝ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့အတွက် မြန်မာနိုင်ငံအနှံ့ နေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၆ သန်းကျော် ရှိလာခဲ့ကြောင်း သိရပါတယ်။
ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေကနေ အမေရိကန်ဒေါ်လာ ၇ သန်းကို လာမယ့်သီတင်းပတ်များ အတွင်းမှာ ပဋိပက္ခဒဏ်ခံရသူတွေထံ အကူအညီပေးဖို့ ချထားပေးမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဒီပမာဏက လိုအပ်ချက်များရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်ပြီး တုံ့ပြန်ကူညီဖို့ များစွာကျန်ရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုပါတယ်။
၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မရှိမဖြစ်လိုအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၆ သန်းရဲ့ ၂၉ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိခဲ့ပေမယ့် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေက လူမှုကယ်ဆယ်ရေးအကူအညီတွေကို လူဦးရေ ၃.၁ သန်း အတွက် ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂ဝ၂၄ ခုနှစ်မှာ ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံတစ်ဝန်းက နေရပ်စွန့်ခွာထွက်ပြေးရသူတွေနဲ့ ၎င်းတို့ရွှေ့ပြောင်းနေထိုင်ရတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေကို အရေးပါတဲ့ လူမှုကယ်ဆယ်ရေးအကူအညီတွေ ဆက်လက်ပံ့ပိုးနိုင်ဖို့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်ကြောင်း၊ ဒီရန်ပုံငွေဟာ ခန့်မှန်းခြေ ဦးတည်လူဦးရေ ၅ ဒသမ ၃ သန်းအတွက် အသက်ကယ်အကူအညီတွေနဲ့ အရေးပါတဲ့အခြေခံဝန်ဆောင်မှုတွေ ပံ့ပိုးဆောင်ရွက်မယ့် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေအတွက် အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေမြင့်တက်လာတဲ့အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက် က ပိုမိုမြင့်တက်လာနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကရင်ပြည်နယ်တွင် ဇန်နဝါရီလပထမပတ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် သီလရှင်နှစ်ပါးနှင့် အမျိုးသားတစ်ဦးဒဏ်ရာရခဲ့
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ