တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံအားပေးသွားမည်ဟု တရုတ်နိုင်ငံခြားရေး ဒု-ဝန်ကြီးပြော
ကျော် (NSS) - ဇန်နဝါရီ ၆
တရုတ်နိုင်ငံက အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ မြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး Mr. Sun Weidong က အလေးထားပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ (ဇန်နဝါရီလ ၆ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီးက ယမန်နေ့ (ဇန်နဝါရီလ ၅ ရက်)တွင် နစက ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးနှင့် တွေ့ဆုံခဲ့စဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နစက ဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong တို့သည် ယမန်နေ့ (ဇန်နဝါရီလ ၅ ရက်)၊ နံနက်ပိုင်းက နေပြည် တော်ရှိ တပ်မတော်ဧည့်ရိပ်သာ၌တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံစဥ် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်ဆောင်ရွက်လျက်ရှိမှုနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong တို့သည် ယမန်နေ့၊ ညနေ ၄ နာရီခွဲက နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌တွေ့ဆုံ၍ မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေးပွဲတစ်ရပ်ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမအောက်မှ စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပူး ပေါင်းဆောင်ရွက်ရေး၊ အာဆီယံနှင့်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု ဒေသဆိုင်ရာယန္တရားမူဘောင်အောက်တို့မှ ပူးပေါင်းဆောင် ရွက်မှုများ ဆက်လက်မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာများတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်ရေးနှင့်အကျိုးတူကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာ-တရုတ်နယ်စပ်အား တည်ငြိမ်အေးချမ်းရန် ဆက်လက်ဆောင်ရွက်မည်ဟု ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသော်လည်း လက်ရှိအချိန်တွင် တရုတ်-မြန်မာနယ်စပ်၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ မြို့အချို့နှင့်တပ်မတော်၏ လုံခြုံရေးစခန်းအချို့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များက သိမ်းယူထားမှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်မှာ လူပေါင်း ၁ဝဝ နီးပါးသေဆုံးစေတဲ့ဗုံးခွဲတိုက်ခိုက်မှုတွေကို ISIS’ အဖွဲ့တွေ ကျူးလွန်ခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးပြော
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ