နမ္မတူမြို့ကို TNLA က ထိန်းချုပ်ထားပြီး အဝင်/အထွက်လမ်းများပိတ်ထားဟုဆို
ကျော်(NSS) - ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်ရှိ နမ္မတူမြို့ကို TNLA နှင့် PDF ပူးပေါင်းအဖွဲ့က ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်)၊ ညပိုင်းတွင် ထိန်းချုပ်ထားကြောင်း နမ္မတူမြို့ဒေသခံများနှင့်လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
နမ္မတူမြို့ရှိ အမှတ်(၃၂၄)ခြေမြန်တပ်ရင်း နှင့် နမ္မတူမြို့ရှိ နေရာအချို့အား TNLA နှင့် PDF ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်မှစတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။
"နမ္မတူတစ်မြို့လုံးနီးပါးကို မနေ့က(ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းမှာ TNLA က သိမ်းမိသွားပါပြီ။ လက်နက် ကြီးပစ်ခတ်မှုကတော့ ၁ ချက်/၂ ချက်လောက်အသံကြားရပြီးငြိမ်သွားတယ်"ဟု နမ္မတူမြို့ခံတစ်ဦးက NSS ကိုပြောသည်။
ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် လတ်တလောအချိန်၌ ပစ်ခတ်မှုများမရှိဘဲ TNLA နှင့် PDF ပူးပေါင်းအဖွဲ့က နမ္မတူမြို့၏ အဝင်/အထွက် လမ်းများအားပိတ်ထားခဲ့သဖြင့် မြို့တွင်းပိတ်မိနေသူများကိုကယ်ဆယ်ရန် လာရောက်မည့် လူမှုကူညီရေးအသင်းဝင်များသည်လည်း လမ်းဖွင့်ပေးမည့်အချိန်ကိုစောင့်ဆိုင်းနေရကြောင်း သိရသည်။
"နမ္မတူကိုဝင်လို့ရမယ့်လမ်းမှန်သမျှကိုပိတ်ထားတဲ့အတွက် မြို့ထဲမှာပိတ်မိနေတဲ့လူတွေကို ကယ်ထုတ်လို့မရသေးဘူး။ မြို့ထဲကအဆက်အသွယ်တွေနဲ့ချိတ်ဆက်ရမိသလောက်ဆိုရင် ပိတ်မိနေတဲ့လူတွေကတော့ သိပ်မကျန်တော့ဘူး။ လက်ရှိကတော့ လမ်းတွေအကုန်ပိတ်ထားတယ်။ ဘယ်သူမှဝင်လို့ထွက်လို့ မရဘူး။ ကယ် ဆယ်ရေးလုပ်မယ့်လူတွေကိုလည်း ဝင်ခွင့်မပေးဘူး။ ပိတ်ထားတယ်"ဟု ဒေသခံလူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။
နမ္မတူမြို့အား TNLA နှင့် PDF ပူးပေါင်းအဖွဲ့မှ စတင်ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်သည့်အချိန်မှစတင်၍ မြို့ခံအများစုသည် စစ်ဘေးနှင့်လွတ်ကင်းသည့်နေရာများသို့ တိမ်းရှောင်သွားခဲ့ကြသဖြင့် မြို့တွင်း၌ကျန်ရှိသူအနည်း ငယ်သာရှိပြီး တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် နမ္မတူမြို့၏ ၄၀ ရာခိုင်နှုန်းခန့်သည် ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
"ထိခိုက်ဒဏ်ရာရတဲ့လူကသိပ်မရှိပါဘူး။ မြို့ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်။ တိုက်ပွဲဖြစ်နေတဲ့ရက်တွေမှာ လက်နက်ကြီးပစ်တာတွေကြောင့် အိမ်တွေပေါ်ကို လက်နက်ကြီးကျည်ကျပြီးပေါက်ကွဲတော့ ပျက်စီးသွားတာတွေပေါ့"ဟု နမ္မတူမြို့ခံတစ်ဦးက NSS ကိုပြောသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နစကဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုးမရှိသေးပေ။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းမှစတင်၍ MMDAA ၊ TNLA ၊ AA မဟာမိတ်(၃)ဖွဲ့သည်ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လုံခြုံရေးစခန်းများအား (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပြီးနောက် လုံခြုံရေးစခန်းအချို့နှင့်မြို့အချို့ကို သိမ်းပိုက်ထားမှုများရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်(၆)လွှာမှ သက်ကြီးပိုင်းအမျိုသမီးတစ်ဦးခုန်ချမှုကြောင့် ပြင်းထန်ဒဏ်ရာရ
RELATED POSTS
27 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
26 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ