နှစ်နိုင်ငံ အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုး လက်မှတ်ရေးထိုးရန် မြန်မာ-ထိုင်း နှစ်နိုင်ငံကြားဆွေးနွေး
Pearl (NSS) – ဒီဇင်ဘာ ၇
နှစ်နိုင်ငံ အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုးလက်မှတ်ရေးထိုးရန် မြန်မာ-ထိုင်း နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
အလုပ်သမားဝန်ကြီး ဦးမြင့်နောင်သည် ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်)တွင် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Phiphat Ratchakitprakarn ဦးဆောင်သည့် အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ၌ တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် သက်တမ်းတိုး လက်မှတ်ရေးထိုးရန်အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာရင်းတင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး နှင့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI)ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်ခလစာများကို မြန်မာနိုင်ငံတွင် ကျန်ရှိသည့် မိသားစုဝင်များထံသို့ တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာလွှဲပြောင်းပေးပို့နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံဘက်မှ Visa ကြေးများကို ဖြေလျှော့ဆောင်ရွက်ပေးမှုများအတွက် အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
အလုပ်သမားဝန်ကြီး ဦးမြင့်နောင် နှင့် ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး၏ ဖိတ်ကြားမှုအရ အလုပ်သမားရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ယမန်နေ့ (ဒီဇင်ဘာလ ၆ ရက်)က သွားရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း မြန်မာအလုပ်သမားများ အများဆုံး နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် နေရာဒေသများရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွား ရောက်တွေ့ဆုံခြင်း နှင့် ထိုင်းနိုင်ငံ ဘတ် ၅ သန်းကုမ္ပဏီများ နှင့် MoU လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့် ဆော်ဒီအာရေးဗျနိုင်ငံတို့၏ ဆက်ဆံရေးက မကြုံစဖူးအဆင့်တစ်ခုသို့ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားသမ္မတပူတင် ထုတ်ဖော်ပြောဆို
RELATED POSTS
08 Nov 2024 | အထွေထွေ,ပြည်တွင်း
08 Nov 2024 | အထွေထွေ,နိုင်ငံတကာ
31 Oct 2024 | အထွေထွေ,နိုင်ငံတကာ