အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့် ဘာတွေလုပ်ဆောင်ဖို့ အစီအစဉ်ရှိနေသလဲ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၁
အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ သမ္မတအဖြစ်ရွေး ကောက်ခံရတဲ့ ဒေါ်နယ်ထရမ့်ဟာ အစိုးရအဖွဲ့အသစ်ကို အမြန်ဆုံးဖွဲ့စည်းနိုင်ဖို့ လှုပ်ရှားနေပြီး နိုဝင်ဘာလ (၇)ရက်မှာ သူရဲ့မဲဆွယ် စည်းရုံးရေးအဖွဲ့မန်နေဂျာ တစ်ဦးဖြစ်တဲ့ ဆူဆိဝီလက်စ်ကို သမ္မတအိမ်ဖြူတော် အရာရှိချုပ်အဖြစ်ခန့်အပ်မယ်လို့ ကြေညာလိုက်ပါတယ်။ တစ်ကမ္ဘာလုံးစိတ်ဝင်စားနေခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ(၅)ရက်မှာ ကျင်းပခဲ့ပြီးနောက် ရီပတ်ဘလီကန်ပါတီရဲ့သမ္မတ လောင်းဖြစ်သူ ဒေါ်နယ်ထရမ့်ဟာ ပြိုင်ဘက်ဖြစ်သူ လက်ရှိ ဒုတိယသမ္မတ ကမ်မလာဟားရစ်ကို အနိုင်ရသွားခဲ့ပါတယ်။ သမ္မတရွေးချယ်ရေး ပြည်နယ်အထူး ကိုယ်စားလှယ်မဲ စုစုပေါင်း (၅၃၈)မဲမှာ အနိုင်ရဖို့ အနည်းဆုံး (၂၇၀) ရဖို့လိုအပ်တဲ့မဲအရေအတွက်ထက် ပိုမိုရရှိခဲ့ပြီး မဲအရေအတွက် (၃၀၁)မဲရရှိခဲ့ကာ ပြိုင်ဘက်ဖြစ်သူ ကမ်မာလာဟားရစ်ကတော့ (၂၂၆)မဲသာရရှိခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ပြည်သူအားလုံးရဲ့ ဆန္ဒမဲအရေအတွက် (၇၃)သန်းနီးပါးရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ ကမ်မာလာ ဟားရစ်ကတော့ (၆၇) သန်း ကျော်ရရှိခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ရွေးကောက် ပွဲမတိုင်ခင် အကြိုစစ်တမ်းတွေမှာ ကမ်မလာဟားရစ် လောက်ရေပန်းမစားခဲ့ပေမယ့် လက်တွေ့ယှဉ်ပြိုင်ချိန်မှာတော့ အပြတ်အသတ် အနိုင်ရခဲ့တာဖြစ်ပါ တယ်။ အသက် (၇၈)နှစ်အရွယ်ရှိ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေး ကောက်ပွဲပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပြီးနောက်ပိုင်း တည်းက လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အစိုးရအဖွဲ့အပြင် ဒီမိုကရက်တစ်ပါတီရဲ့ဖိအားပေး မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ အနီးကပ်ဆုံး ဥပမာပြရမယ်ဆိုရင် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာပြီးနောက်ပိုင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေဟာ ဒေါ်နယ်ထရမ့်ရဲ့အိမ်ကို စီးနင်းရှာဖွေတာတွေ၊ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ပြင် သမ္မတရွေးကောက် ပွဲပါဝင်ယှဉ်ပြိုင်လို့ မရအောင် လွှတ်တော် အဆောက်အအုံ စီးနင်းခံရမှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတသီတတန်းကြီးကို ရင်ဆိုင်နေခဲ့ရတဲ့အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ်ထားရှိမှု၊ အပြာမယ် တစ်ယောက်ကို ငွေပေးနှုတ်ပိတ်စေမှုစတဲ့ စွဲချက်အမျိုးမျိုးတင်ခံခဲ့ ရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ တရားစွဲမှုတွေရင်ဆိုင် ခဲ့ရပေမယ့် ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ခြင်းကို နောက်ဆုတ်သွား ခြင်းမရှိဘဲ ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲပါဝင်ယှဉ် ပြိုင်ဖို့ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့ ချိန်မှာလည်း လုပ်ကြံမှု နှစ်ကြိမ်တိုင်ရင်ဆိုင်ခဲ့ရပြီး အသက်ရှင်လွတ် မြောက်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ စိန်ခေါ်မှုမျိုးစုံ ရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံရဲ့ (၄၇)ဦးမြောက်သမ္မတအဖြစ် ရွေးကောက်ခံ ခဲ့ရပြီဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်ကိုမဲပေးသူအများစုက ‘‘ဒေါ်နယ်ထရမ့် သမ္မတအဖြစ်တာဝန်ယူချိန်တုန်းက စီးပွားရေးဟာ အခုထက်ပိုကောင်းတယ်၊ စားဖို့သောက်ဖို့ အနိုင်နိုင်ရုန်းကန်နေရတဲ့အခြေအနေကို စိတ်ကုန်တယ်၊ အထောက်အထား မဲ့ဝင်ရောက်လာသူတွေ ဟာခွေးတွေ၊ ကြောင်တွေကို သတ်ဖြတ်စားသောက် လေ့ရှိတယ်ဆိုတဲ့စကားတွေကိုလည်း အယုံအကြည် မရှိကြပါဘူး။ သူတို့ဖြစ်စေချင်တာက နယ်စပ်မှာ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ချထားဖို့ပဲ ဖြစ်ပါ တယ်”လို့ပြောပါတယ်။ ဒီရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အနိုင်ရစေခဲ့တဲ့အဓိက အကြောင်းအရာနှစ်ချက်ကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး ကိစ္စတွေပဲဖြစ်ခဲ့တယ်လို့ သုံးသပ် ပြောဆိုတာတွေရှိခဲ့ပါတယ်။ အမေရိကန် အရေးက ပထမ၊ အမေရိကန်သာ ပထမဦးစားပေးဖြစ်ရမယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဆောင်ပုဒ်က မဲဆန္ဒရှင်တွေရဲ့ ရင်ထဲကို ရိုက်ခတ်သွား စေတဲ့အချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအတွင်း နေထိုင်နေသူတွေထဲ လက်ဝဲအယူ အဆရှိသူပဲဖြစ်ဖြစ်၊ လက်ယာအယူအဆရှိသူပဲဖြစ်ဖြစ် အဲဒီသူအားလုံးဟာ ယူကရိန်းစစ်ပွဲမှာ ဒေါ်လာ ဘီလျံနဲ့ချီသုံးစွဲနေတာတွေကို အပြစ်တင်နေကြပါတယ်။ အဲဒီငွေတွေကို ပြည်တွင်းရေးကိစ္စတွေမှာပဲ သုံးစေချင်နေကြပြီး ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲကို သမ္မတဂျိုးဘိုင်ဒန်လိုမျိုး ကူညီထောက်ပံ့ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ ဒီမိုကရက်တစ်ပါတီရဲ့လက်ရှိသမ္မတဖြစ်သူ ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းစစ်ပွဲမှာ အမေရိကန်နိုင်ငံသားအားလုံးရဲ့ငွေကြေး တွေကို ဖြုန်တီးနေတယ်လို့ မကြာခဏ ဝေဖန်ခံနေရပြီး တကယ်လို့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ကမ်မာလာဟားရစ်ကိုမဲပေးရင် အရင် (၄) နှစ်တုန်းကအတိုင်းဖြစ်မှာပဲဆိုပြီး အမေရိကန်ပြည် သူအများစုက ယူဆနေပါ တယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲမှာအနိုင်ရပြီးနောက် မိန့်ခွန်းပြောဆိုခဲ့ရာ ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ (၄၇)ယောက်မြောက်နဲ့ (၄၅) ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့အတွက် အတိုင်း အဆမရှိ ဂုဏ်ယူရသလို အမေရိကန်ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အိမ်ဖြူတော်ခရီးအတွက် ကိုယ် စွမ်းÓဏ်စွမ်းရှိသလောက် ကြိုးစားမှာဖြစ်ပါတယ်။ သမ္မတတစ်ယောက်ဖြစ်ရတာ ကမ္ဘာမှာ အရေးအကြီး ဆုံးအလုပ်လုပ် ရတာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပေးတဲ့ကတိအတိုင်း တည်အောင်လုပ်မယ့်အစိုးရဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်က ‘‘ကျွန်တော်တို့ နိုင်ငံကို အနာကျက်အောင် ကုစားသွားမယ်။ နယ်စပ် ရေးရာကိစ္စတွေကို တည့်မတ်အောင်လုပ်ဆောင်သွားမယ်။ ဒီအချိန်ဟာ အမေရိကန်ရဲ့ရွှေခေတ်ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ပြည်သူတွေအတွက် ကြီးကျယ် ခမ်းနားတဲ့အောင်ပွဲပါ။ ကျွန်တော်တို့အနေနဲ့ အမေရိကန်ကို တစ်ဖန်ပြန်ပြီး ခမ်းနားအောင်လုပ်ခွင့်ပေးလိုက် တာဖြစ်ပါတယ်”လို့ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် (၂၀၂၅)ခုနှစ် ဇန်နဝါရီလအတွင်း စတင်တာ ဝန်ယူသွား ဖွယ်ရှိနေရာ ယခင်သမ္မတအဖြစ်တာဝန်ယူ ချိန်တုန်းက မပြီးပြတ်သေးတဲ့အလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ ထင်ကြေးပေး သုံးသပ်မှုတွေလည်းထွက်ပေါ်နေပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့သမ္မတပထမ သက်တမ်းမှာ အမေရိကန်တောင်ပိုင်းနယ်စပ် ပိတ်ဆို့ရေးက ထင်ရှားတဲ့မူဝါဒတစ်ခုဖြစ်ခဲ့ပြီး အပြီးမသတ် နိုင်ခဲ့တဲ့ စီမံကိန်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အဲဒီတံတိုင်း အပြီးတည်ဆောက်ရေးဆိုတဲ့ အချက်ကို ရွေးကောက်ပွဲကာလအတွင်း ကတိပြုပြော ဆိုခဲ့ရာ သမ္မတဖြစ်လာချိန်မှာ အဲဒီကိစ္စကို ဆက်လက် အကောင်ထည်ဖော်ဖွယ်ရှိနေပါတယ်။ ဒါ့ပြင် ဒေါ်နယ် ထရမ့်ဟာ အမေရိကန်နိုင်ငံအတွင်းကို တရားမဝင် ရောက်ရှိနေသူတွေကို မိခင်နိုင်ငံကို ပြန်ပို့မယ်လို့ ကတိပြုပြောဆိုထားရာ သမ္မတအဖြစ်တာဝန်ယူချိန်မှာ တရားမဝင်နေထိုင်သူ သန်းနဲ့ချီပြီး ပြန်ပို့ဖွယ်ရှိ တယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ (၂၀၂၂) ခုနှစ်အတွင်း အမေရိကန်မှာ တရားမဝင်နေ ထိုင်သူ (၁၁)သန်းဝန်းကျင်ရှိတယ်လို့ Pew သုတေ သနစင်တာကခန့်မှန်းထားပေမယ့် ထရမ့်နဲ့ သူ့ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့က အဲဒါထက် သန်းပေါင်းများ စွာပိုရှိတယ်လို့ ပြောပါတယ်။
ဒါ့ပြင် စီးပွာရေးလုပ်ငန်းကြီးတွေရဲ့ အခွန်ကို (၁၅)ရာခိုင်နှုန်းအထိ လျှော့ချဖို့အပြင် အငြိမ်းစား တွေရဲ့ ထောက်ပံ့ကြေးနဲ့ လူမှုဖူလုံရေးဆိုင်ရာအခွန် ကိုလည်း ကင်းလွတ်ခွင့်ပေးဖို့ ရည်ရွယ်ထားရာ အဲဒီလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ဖွယ်ရှိတယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။
ဒေါ်နယ်ထရမ့်ဟာ စွမ်းအင်စရိတ်ကြီးတာကြောင့် ငွေကြေးဖောင်းပွတာလို့ ယုံကြည်နေပြီး အဲဒီစရိတ်ကို လျှော့ချဖို့ ကြိုးပမ်းလာဖွယ်ရှိနေသလို နိုင်ငံခြားသွင်းကုန်တွေကို အခွန် (၁၀) ရာခိုင်နှုန်းကနေ (၂၀)ရာခိုင်နှုန်းအထိ စည်းကြပ်ဖို့ စီစဉ်ဖွယ်ရှိ တယ်လို့ သုံးသပ်မှုတွေလည်းထွက်ပေါ်နေပါတယ်။ တရုတ်သွင်းကုန်တွေကို (၆၀)ရာခိုင်နှုန်းအထိ အမြင့်ဆုံး ကောက်ခံဖွယ်ရှိနေသလို ပထမတစ်ကြိမ် သမ္မတ သက်တမ်း တာဝန်ထမ်းဆောင်နေချိန်အတွင်းမှာ တရုတ်ကို မမျှတတဲ့ကုန်သွယ်ရေးလုပ်ဆောင် သူနဲ့ ဉာဏဆိုင်ရာ ပစ္စည်းခိုးယူသူအဖြစ်စွပ်စွဲပြီး ကုန်သွယ်ရေးတိုက်ပွဲစတင်ခဲ့ဖူးပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ်တာဝန်ယူချိန် ကာလအတွင်းမှာ ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ပင်ခြင်းကို လုပ်ဆောင်ဖွယ် ရှိနေသလို သမ္မတအဖြစ်တာဝန်ယူတဲ့ ပထမသက် တမ်းတုန်းကလိုပဲ နိုင်ငံခြားရေးမူဝါဒဘက်မှာ တခြား ကမ္ဘာ့နိုင်ငံတွေရဲ့ပဋိပက္ခတွေကနေ ခပ်ကင်းကင်းနေချင်တဲ့ သဘောဆောင်နိုင်ခြေရှိတယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်းရှိနေပါတယ်။
ကုလသမဂ္ဂ လူသားချင်း စာနာထောက် ထားရေးနဲ့ အရေးပေါ်ကယ်ဆယ်ရေး ဒုတိယ ပူးပေါင်းညှိနှိုင်း ရေးမှူး ဟောင်း၊ ဝါရင့်ပဋိပက္ခကြားဝင် ဖျန်ဖြေရေးသမား မာတင်ဂရစ်ဖစ်ကတော့ ‘‘ထရမ့် အစိုးရဟာ တံခါးပိတ်ဝါဒနဲ့ တစ်ကိုယ် တော်ဝါဒကိုစွဲ ကိုင်ပြီး ကမ္ဘာပေါ်က မငြိမ်မသက်မှုတွေကို ကောင်းကျိုးထက် ဆိုးကျိုးပဲ ပိုယူဆောင်လာနိုင်ခြေရှိပါ တယ်”လို့ပြောပါတယ်။ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ဒုတိယအကြိမ်တာဝန်ယူချိန်မှာ ယူကရိန်းကို စစ်ရေး အကူအညီ ပေးမှုတွေလျော့နည်းလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် တစ်ကျော့ ပြန်တာဝန်ယူခွင့်ရမယ်ဆိုရင် ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့ စစ်ပွဲကို (၂၄)နာရီအတွင်းအဆုံးသတ်အောင် လုပ် ဆောင်မယ်လို့ ပြောဆိုထားဖူးရာ ဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတာ လူအများစိတ်ဝင်စားနေရာ လက်တွေ့ လုပ် ဆောင်နိုင် မလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။ အစ္စရေးနဲ့ဟားမတ်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်အောင်လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားရာ အဲဒီစစ်ပွဲကိုအဆုံးသတ်နိုင်အောင် ကြိုးပမ်းရဖွယ်ရှိ နေပါတယ်။ အမေရိကန်သမ္မတအ ဖြစ် ပထမအကြိမ်တာဝန်ယူချိန်ကာလအတွင်း အမေ ရိကန် ပထမဖြစ်ရေးအချက်ကို ဦးစားပေးလုပ်ဆောင်ခဲ့ရာ သမ္မတအဖြစ် ဒုတိယအကြိမ်တာဝန်ယူချိန်မှာလည်း အမေရိကန် ပထမဖြစ်ရေး အချက်မူဝါဒ ကို ဆက်လက်အကောင်ထည်ဖော်ဖွယ်ရှိနေပါတယ်။ အမေရိကန်သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း အီရန်နိုင်ငံရဲ့ နျူ ကလီးယားကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးမှုတွေလုပ်ဆောင်ခဲ့ဖူးရာ အီရန်ဟာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ် တစ်ကျော့ ပြန်တာဝန်ယူ ချိန်အတွင်း ဖိအားတွေကို ဆက်လက်ရင်ဆိုင်ရဖွယ်ရှိ နေပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဒေါ်နယ်ထရမ့် ဟာ ဖိအားမျိုးစုံကြားကနေ အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်ရွေးကောက်ခံရခြင်းဖြစ်ရာ သမ္မတအဖြစ် တစ်ကျော့ပြန်တာဝန်ယူချိန်အတွင်း ရွေးကောက် ပွဲတုန်းကပေးထားတဲ့ကတိတွေကို ဘယ်လောက် အထိ အပြည့်အဝအကောင်ထည်ဖော်နိုင်မလဲဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစကဥက္ကဋ္ဌ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်ခိုင်မာရေး တရုတ် ၏ အမြဲထောက်ခံမှုကို ရရှိခဲ့
RELATED POSTS
13 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
13 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
13 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
13 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ