တော်လှန်ရေးသမား အမည်ခံ ရာဇဝတ်ဂိုဏ်းတို့ စုပေါင်း မဟာမိတ်ဖွဲ့၍ အစိုးရနှင့် ကုလသမဂ္ဂမစ်ရှင်များကို တိုက်ခိုက်နေ
Htay Oung (NSS) - နိုဝင်ဘာ ၁၃
လေယာဉ် ၃-စီး ပစ်ခတ်ခံရပြီးနောက် ဟေတီနိုင်ငံသို့ လေယာဉ်ပျံသန်းခွင့်ကို အမေရိကန် ဖက်ဒရယ် လေ ကြောင်းညွှန်ကြားမှုဋ္ဌာနက ရက်ပေါင်း ၃၀ ကြာ တားမြစ်လိုက်ပါတယ်။ အလားတူ ကမ္ဘာ့ကုလသမဂ္ဂကလည်း မြို့တော် ပို့အောပရင့်စ်သို့ ပျံသန်းမယ် ခရီးစဉ်များကို အင်္ဂါနေ့မှာ ယာယီရပ်ဆိုင်းလိုက်တဲ့အတွက် လုံခြုံရေး ပျက်ပြားနေတဲ့နိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဝင်ရောက်နေခြင်းအပေါ် အကန့်အသတ် ဖြစ်သွားရတယ်လို့ အေပီသတင်း အေဂျင်စီက ယနေ့ (နိုဝင်ဘာလ ၁၃ ရက်)တွင် ရေးသားပါတယ်။
တနင်္လာနေ့ မြို့တော်လေဆိပ်သို့ ဆင်းသက်ခါနီး “စပရစ်လေကြောင်းလိုင်း” ပိုင် လေယာဉ်တစ်စီးကို ကျည် ဆန်ထိမှန်ခဲ့ပြီး လေယာဉ်အမှုထမ်းတစ်ဦး ဒဏ်ရာခဲ့တဲ့အတွက် လေဆိပ်ကို ပိတ်ပစ်ခဲ့ရပါတယ်။ အေပီက ရရှိတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုများမှာတော့ လေယာဉ်ရဲ့အတွင်းပိုင်းမှာ ကျည်ဆန်ရာ အပေါက်များကို တွေ့မြင်နေရပါတယ်။
အလားတူ “ဂျက်ဘလူး” နဲ့ “အမေရိကန်အဲလိုင်း” တို့ကလည်း သူတို့ရဲ့လေယာဉ်များ ပျံသန်းနေစဉ် ပစ်ခတ်ခံ ရကြောင်း အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီနောက် ဖေဖော်ဝါရီ ၁၂ ရက်အထိ ဟေတီနိုင်ငံ မြို့တော် သို့ အမေရိကန်လေကြောင်း ခရီးစဉ်များ ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ နိုင်ငံရေး ဗလောင်းဆန်မှု ဖြစ်စဉ်အပြီး ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ကာရေဗီယန်ကျွန်းနိုင်ငံမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားနေချိန် ယခုလို ပစ်ခတ်ခံရခြင်းဟာ အကြမ်းဖက်မှုလှိုင်းတံပိုးရဲ့ အစိတ် အပိုင်း တစ်ခုမျှသာ ဖြစ်နေပါတယ်။
အကြမ်းဖက်မှုအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ဆောင်ရွက်မှုအပေါ် အကျိုးသက်ရောက်စေမယ့် လက် နက်ကိုင် ပဋိပက္ခ အကြိမ် ၂၀ အပြင် နောက်ထပ် လမ်းပိတ်ဆို့မှုများကိုလည်း အေဂျင်စီက မှတ်တမ်းတင်ထား ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ပို့အောပရင့်စ်လေဆိပ်ကို နိုဝင်ဘာ ၁၈ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပြီး၊ ကုလသမဂ္ဂအနေနဲ့ ပိုမိုငြိမ်းချမ်းတဲ့ နိုင်ငံ့မြောက်ပိုင်း “ကိတ်ဟေတီယန်” နိုင်ငံပိုင် ဒုတိယလေဆိပ်ကို လေကြောင်းခရီးစဉ်များအတွက် ပြောင်းလဲ အသုံးပြုမယ်လို့ ပြောပါတယ်။ ပို့အောပရင့်စ်မြို့တော်တွင်းမှ ရာဇဝတ်ဂိုဏ်းတွေရဲ့ သောင်းကျန်းမှုဟာ ဟေတီကို အငတ်ဘေးသို့ တွန်းပိုသလို ဖြစ်နေပါတယ်။ အကြမ်းဖက်မှုများ ဖြစ်ပွားရာ ဗဟိုချက်အတွင်း ဝင်ရောက်ခွင့် ဖြတ်တောက်ခံရတဲ့ မြို့တော်ဟာ အခြေအနေ ဆိုးရွားဖွယ် ရှိပါတယ်။ လေကြောင်းခရီးစဉ်များ ဖြတ်တောက်ခြင်းဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနဲ့ အကူအညီပေးရေးဝန်ထမ်းများ နိုင်ငံအတွင်း ဝင်ရောက်မှုကို ကန့်သတ်တဲ့ အဓိပ္ပါယ် သက် ရောက်နေတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က သတိပေးလိုက်ပါတယ်။
ဟေတီတောင်ပိုင်းမှာ အစားအသောက်နဲ့ ဆေးဝါးများတင် ထရပ်ကား အစီး ၂၀ ပါ ယာဉ်တန်းစေလွှတ်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့တဲ့ ကာဖောဒေသရှိ လူတစ်ထောင်ကို ငွေသားအကူအညီပေးမယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ အဲဒီလို စိန်ခေါ်မှုများရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေမှာ အကူအညီပေးရေးအစီအစဉ်တွေ ဆက်လက်လုပ် ဆောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလျှက်ရှိကြောင်း၊ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ရန်၊ ဘေး ကင်းလုံခြုံရေး၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ စဉ်ဆက်မပြတ်နဲ့ အတားအဆီးမဲ့ ဝင်ရောက်ခွင့် ခွင့်ပြုရေးအတွက် တောင်းဆိုကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်မှုများ ပြင်းထန်စွာဖြစ်ပွားနေတဲ့ ဟေတီနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းများက ကုလသမဂ္ဂအကူအညီပေး ရေး ရဟတ်ယာဉ်ကိုပင်လျှင် သေနတ်နဲ့ ပစ်ခတ်နေပါတယ်။ ရာဇဝတ်ဂိုဏ်းတို့က အုပ်စုဖွဲံ တိုက်ခိုက်နေကြပြီး လုံခြုံရေးပျက်ပြားမှုကြောင့် သုံးလနီးပါးပိတ်ထားခဲ့တဲ့ ဟေတီနိုင်ငံတကာလေဆိပ်ကို ပြန်လည်ဖွင့်လှစ်အပြီး ၅-လခန့်အကြာမှာ ယခုလို တိုက်ခိုက်များ ပြန်လည်ဖြစ်ပေါ်လာကြောင်း တွေ့ရှိရပါတယ်။ မြို့တော် အနောက်မြောက်ဘက်ရှိ ရာဇဝတ်ဂိုဏ်းသားများ ခိုအောင်းရာ ကမ်းရိုးတန်းမြို့မှာ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ဂိုဏ်းဝင်သံသယရှိသူ ၅၀ ခန့် သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက် အကြမ်းဖက်မှုတွေဟာ အနီးအ နားဒေသများထံ သီတင်းပတ်အတွင်း ပျံ့နှံ့သွားခဲ့ပြီး လူနေအိမ်များ မီးတင်ရှို့ခြင်း ခံရပါတယ်။
၂၀၂၄-ခုနှစ်အစပိုင်း ဟေတီနိုင်ငံရဲ့ အကြမ်းဖက်မှုများဟာ “ဂျီနိုင်း မိသားစုနှင့် မဟာမိတ်များ” FRG9 သို့မ ဟုတ် G9 နဲ့ G-Pep ခေါ် ရာဇဝတ်ဂိုဏ်း နှစ်ခုတို့အကြား သြဇာလွှမ်းမိုးရေး စားကျက်လုတဲ့ တိုက်ပွဲများ ဖြစ်ပါ တယ်။ ဟေတီအစိုးရကို ကူညီရန် ကင်ညာနိုင်ငံဦးဆောင် “နိုင်ငံစုံ လုံခြုံရေး ထောက်ပံ့ရေးမစ်ရှင်”ကို ကုလသ မဂ္ဂလုံခြုံရေးကောင်စီက ခွင့်ပြုပြီးနောက် ဖေဖေါ်ဝါရီလမှာ အဲ့ဒီ ပူးပေါင်းသွားတဲ့ ဂိုဏ်း ၂-ခုဟာ တော်လှန်ရေး သမား နာမည်ခံပြီး ဟေတီအစိုးရနဲ့ ကုလသမဂ္ဂ မစ်ရှင်များအပေါ် ဆန့်ကျင်တိုက်ခိုက်လာကြပါတယ်။
ဟေတီရဲ့ သမိုင်းတစ်လျှောက် အမျိုးမျိုးသော အာဏာသိမ်းမှုများ၊ အစိုးရအပြောင်း အလဲများ၊ စစ်အာဏာ ရှင်များ၊ ပြည်တွင်းပဋိပက္ခများနဲ့ ပြည့်နှက်နေပါတယ်။ ပြည်ပ ဝင်ရောက်စွက်ဖက်မှုများအပြင် ပြင်းထန်တဲ့ မိုးရွာသွန်းခြင်း၊ ငလျင်လှုပ်ခြင်းလို သဘာဝဘေးအန္တရာယ်ကြောင့် လူဦးရေ ၁၁-သန်းကျော်သာရှိတဲ့ ပြင်သစ် ကိုလိုနီဟောင်း နိုင်ငံဟာ အကျပ်အတည်းမျိုးစုံနဲ့ အရုပ်ကြိုးပြတ်ဖြစ်နေရပါတယ်။ မတ်လကတည်းက အရေးပေါ်အခြေအနေပြဌာန်းထားရတဲ့ နိုင်ငံမှာ လက်နက်ကိုင် ၏လုယက်မှု၊ ဖောက်ထွင်း မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ နိုင်ငံခြားသား အထူးသဖြင့် အမေရိကန်နိုင်ငံသားတို့ကို ပြန်ပေးဆွဲမှုများ ဖြစ်ပေါ်နေပါတယ်။
ယခု ဟေတီအစိုးရနဲ့ ကုလသမဂ္ဂကို အံတုနေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ လွန်ခဲ့တဲ့ နှစ်များအတွင်း ဟေတီအစိုး ရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ စီးပွားရေးသမားတို့ရဲ့ ခါးပိုက်ဆောင်တပ်များ ဖြစ်ပါတယ်။ အဲဒါကြောင့် သေနတ်သမားတွေရဲ့ ပြောင်ပြောင်တင်းတင်း ဥပဒေချိုးဖောက်မှုတွေကို တော်ယုံ အရေးယူမည့်သူ မရှိပဲ ဇက်ရဲလက်ရဲဖြစ်လာကြပါတယ်။ ၂၀၂၁-ခုနှစ် သမ္မတ မွိုင်စီကို နိုင်ငံခြားကြေးစားစစ်သားတို့က လုပ်ကြံသတ် ဖြတ်ခြင်းနဲ့အတူ ဂိုဏ်းအုပ်စုအ ချင်းချင်း တိုက်ခိုက်မှု စားကျက်နယ်မြေလုမှုများလည်း စတင်လာခဲ့ခြင်းဖြစ်ပါ တယ်။ သူတို့ကတော့ အကျင့်ပျက်ခြစားပြီး အရည်အချင်း မပြည့်ဝတဲ့ ဟေတီအစိုးရကို တော်လှန်နေခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
(AP News, 13 November 2024, “US prohibits airlines from flying to Haiti and UN suspends flights after planes were shot by gangs” ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုလဲမြို့တွင် ဗိုလ်နဂါးနှင့်ပူးပေါင်းအဖွဲ့က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေခြင်းသည် ပြည် သူလူထုကိုသာ ဒုက္ခရောက်စေကြောင်း ဒေသခံများ ပြစ်တင်
RELATED POSTS
14 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
14 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
13 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
13 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ