သမိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော
Pika (NSS) - နိုဝင်ဘာ ၆
အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ အနိုင်ရရှိခဲ့ပြီးနောက် (၂၀၂၄)ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ၎င်းရဲ့အနိုင်ရရှိမှုဟာ သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးဖြစ်တယ်လို့ ဒေါ်နယ်ထ ရမ့်က ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က "ဒါဟာ အမေရိကန်ရဲ့ရွှေခေတ်ကြီးဖြစ်လာမှာပါ။ ဒါဟာ ကျွန်တော်တို့ကို အမေရိကန်ကို ပြန်ပြီးကြီးကျယ်ခမ်းနားအောင်လုပ်ခွင့်ပေးမယ့် အမေရိကန်ပြည်သူတွေအတွက် ကြီးကျယ်ခမ်းနားတဲ့အောင်ပွဲတစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ သမိုင်းတစ်ခုကို ဖန်တီးခဲ့ပါပြီ။ ဖြတ်ကျော်နိုင်မယ်လို့ ဘယ်သူကမှမထင်ထားတဲ့ အတားအဆီးတွေကို ကျွန်တော်တို့ကျော်ဖြတ်နိုင်ခဲ့ပြီး မယုံနိုင်စရာအကောင်းဆုံး နိုင်ငံရေးကို ပြီးမြောက်အောင်မြင်ခဲ့ပြီဆိုတာ သိသာပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။
၎င်းကို အမေရိကန်ရဲ့ (၄၇)ယောက်မြောက်သမ္မတအဖြစ် ရွေးချယ်ခဲ့တဲ့အတွက် ပြည်သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ အမေရိကန်ပြည်သူတွေအတွက် နေ့ရက်တိုင်းမှာ တိုက်ပွဲဝင်ပေးသွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပါတယ်။ ပြီးတော့ အမေရိကန်အတွက် သာယာဝပြောပြီး ဘေးကင်းလုံခြုံတဲ့အနာဂတ်ကိုရရှိအောင် ဦးဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ၎င်းရဲ့ကမ်းပိန်းရဲ့အကြီးတန်းအဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပြီး အောင်ပွဲရရှိဖို့အတွက် မှန်ကန်တဲ့လူတွေကို ရွေးချယ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီဟာ အ ထက်လွှတ်တော်မှာ နေရာအများစုကို ရရှိနိုင်ဖွယ်ရှိနေတဲ့အပြင် အောက်လွှတ်တော်ကိုလည်း ဆက်လက်ထိန်းချုပ်သွားနိုင်ဖွယ်ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ(၆)ရက် ညနေ(၄)နာရီဝန်းကျင်အချိန် BBC သတင်းမှာ ဖော်ပြထားတဲ့ ရလဒ်တွေအရ ရီပတ်ဘလစ်ကန်သမ္မတလောင်းဒေါ်နယ်ထရမ့်ဟာ သမ္မတဖြစ်ဖို့လိုအပ်တဲ့ သမ္မတရွေးချယ်ရေးကော်မတီရဲ့ ဆန္ဒမဲ(၂၇၀)မဲအနက် (၂၆၆)မဲကို ရရှိထားပြီး ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်က (၂၁၉)မဲသာရရှိထားတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ လူထုထောက်ခံမှုအရေအတွက် သန်း(၇၀)နီးပါးရရှိထားပြီး ကာမာလာဟားရစ်က (၆၃)သန်းကျော်သာ ရရှိထားတယ်လို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ရွေးကောက်ပွဲတွင် ကြားနေအဖြစ်သာနေလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် ခရစ္စပတ်
RELATED POSTS
06 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
06 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
31 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ