ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက် (၆)လွှာမှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးမှုဖြစ်ပွား
![](http://nssmy.com/original_post_images/f-12266-11-06-20246668071b9f134.jpg)
သန့်ဇင် (NSS) - ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ အထပ်မြင့်တိုက်(၆)လွှာမှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း အလုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့(ဇွန် ၁၁ ရက်)၊ နံနက် ၉နာရီ ၄၀မိနစ်အချိန်ခန့်က အလုံမြို့နယ်၊ စော/တောင်ရပ်ကွက်၊ ငုဝါလမ်းရှိ အထပ်မြင့်တိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူကနိုင်ငံခြားမှာကျောင်းတက်တာ။ သိရတာတော့ စိတ်ကျန်းမာရေးသိပ်မကောင်းဘူးလို့သိရတယ်။ အဲဒီကတည်းက အပြင်ဆေးခန်းမှာ ပြဖူးတယ်။ အခုဖြစ်တာကတော့ သူရဲ့စိတ်ကျန်းမာရေးအခြေအနေအရ ဖြစ်တယ်လို့ ယူဆရတာပေါ့။ သူကတစ်ခါတလေ သူပိုင်တဲ့ အဲဒီတိုက်ခန်းကို ရေလာချိုးတယ်။ ခုန်ချတာက (၈)ထပ်တိုက်ရဲ့ (၆)လွှာကနေခုန်ချတာ”ဟု အလုံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ခုန်ချသေဆုံးသွားသည့် အမျိုးသားသည် အသက်(၂၃)နှစ်အရွယ် ကိုဟိန်းထက်လင်းဖြစ်ပြီး ဦးခေါင်းထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ရောက်တော့ အသက်မမှီတော့ဘူး။ ဖြစ်တဲ့နေရာရောက်တော့ ပက်လက်အနေအထားနဲ့ခေါင်းကနေသွေးတွေထွက်နေတာ။ သွေးက(၃)လီတာလောက်ထွက်နေတော့ သွေးထွက်လွန်သွားတာပေါ့။ ဒီလိုမျိုးဖြစ်စဉ်တွေကလည်း အရင်ကလည်းကြားနေရတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကျန်းမာရေးမကောင်းတဲ့လူဆို လွှတ်မထားဖို့ပဲပြောချင်ပါတယ်။ အခုသေသွားတဲ့ လူငယ်လေးက သူ့မျက်ကြည်လွှာကို လှူဒါန်းသွားတယ်လို့ သိရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို အလုံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့်သံဝေဂ လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
![](http://nssmy.com/ads/f-3-23-08-2022630475dc2221a.jpg)
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီးယူက ရုရှား-ယူကရိန်း သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ဆက်လက်ထားရှိလို
RELATED POSTS
25 Jul 2024 | မှုခင်း,ပြည်တွင်း
25 Jul 2024 | မှုခင်း,ပြည်တွင်း
22 Jul 2024 | မှုခင်း,ပြည်တွင်း