Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကန့်အသတ်မရှိ မိတ်ဖက်ဖြစ်မှုမှသည် မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ်သို့ (ဆောင်းပါး)

သန်းထိုက်စိုး (NSS) - ဇွန် ၁၁

သမ္မတဗလာဒီမာပူတင်သည် ၂၀၂၄ ခုနှစ်၊ မေလ ၁၆၊ ၁၇ ရက်နေ့တို့တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ရာ ရုရှားနှင့် တရုတ်နိုင်ငံတို့၏ နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ဆုံမှတ်တစ်ခု ဖြစ်လာပြီလားဟု ယူဆစရာဖြစ်လာခဲ့သည်။ အနောက်နိုင်ငံများ၏ ဖိအားများ တိုးမြင့်လာချိန်တွင် နှစ်နိုင်ငံခေါင်းဆောင်များက နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင် ရွက်မှုတိုးချဲ့ရန် ကတိပြုခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်နိုင်ငံ၏ လှုပ်ရှားမှုများကိုလည်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ခေါင်းဆောင်နှစ်ဦးတို့သည် ယူကရိန်းစစ်ပွဲနှင့် ဆက်နွှယ်သည့်ကိစ္စရပ်များအပေါ် ဘုံသဘောတူညီချက်ကို လည်းရှာဖွေခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံကြား အနှောင့် အယှက်ကင်းသည့် ငွေပေးချေမှုလမ်းကြောင်းတည်ဆောက်ရန် ကတိပြုခဲ့ကြသကဲ့သို့ နိုင်ငံရပ်ခြားတွင် အပ်နှံထားသည့် ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန် ကြိုးပမ်းမှုအပေါ်တွင်လည်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ ၏ ဦးတည်ချက်နှင့် ဘက်မလိုက်သည့်ရပ်တည်ချက် အပေါ်တန်ဖိုးထားကြောင်း ရုရှားမီဒီယာများတွင် ဖော်ပြခဲ့သည်။ နှစ်ဖက်လုံးသည် နိုင်ငံရေးနှင့်သံတမန်ရေးအရ ဖြေရှင်းလိုသည့် စိတ်ဆန္ဒရှိကြောင်းလည်း သဘောတူညီခဲ့ကြသည်။

သမ္မတပူတင်သည် ငါးကြိမ်မြောက် သက်တမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုအပြီးတွင် ပထမဆုံး နိုင်ငံခြားခရီးစဉ် အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သမ္မတပူတင် တရုတ်နိုင်ငံသို့ သွားရောက်ရခြင်းနှင့်ပတ်သက်၍ ပထမအချက်အဖြစ် အနောက်နိုင်ငံများက ရုရှားရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတသည့်ရွေးကောက်ပွဲအဖြစ် လက်မခံခဲ့သည့်တိုင် တရုတ်နိုင်ငံက ၎င်းအား တရားဝင်ခေါင်းဆောင်အဖြစ် လက်ခံကြောင်းပြသရန် တရုတ်နိုင်ငံသို့ သွားရောက်ခြင်းဖြစ်နိုင်သည်ဟု အမေရိကန်အခြေစိုက် Council on Foreign Relations မှ နိုင်ငံရေးသိပ္ပံပညာရှင် Liana Fix က သုံးသပ်သည်။ ဒုတိယအချက်မှာ နှစ်နိုင်ငံကြား ကာကွယ်ရေးကဏ္ဍတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက် ရန်နှင့် ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံအား အကူအညီပေးနေခြင်းကြောင့် တရုတ်ဘဏ္ဍာရေး အင်စတီကျူးရှင်းများအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ကျော်လွှားရန် ဖြစ်နိုင်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင် Liana Fix က VOA သတင်းဌာန၏ အီးမေလ်ဖြင့်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ သမ္မတရှီကျင့်ဖျင်၏ ဥရောပခရီးစဉ်အပြီး ရက်ပိုင်း အတွင်းမှာပင် သမ္မတပူတင်၏ တရုတ်ခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဥရောပခေါင်းဆောင်များကလည်း တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ရုရှားနိုင်ငံကို ထောက်ပံ့နေခြင်းကို ရပ်တန့်ရန်စည်းရုံးခဲ့ရာ အောင် မြင်ခဲ့ခြင်းမရှိဟုဆိုသည်။

မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု လေးလေးနက်နက် ဆောင်ရွက်ရန်မှာ နှစ်နိုင်ငံလုံး၏ မဟာဗျူဟာ မြောက် ရွေးချယ်မှုဖြစ်ကြောင်း၊ နှစ်ဖက်အပြန်အလှန်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဗဟုဝင်ရိုးကမ္ဘာကြီးစိုးသည့် သမိုင်းဝင်လမ်းကြောင်း နောက် လိုက်ပါရန် သမ္မတရှီကျင့်ဖျင်က သမ္မတပူတင် ကို ပြောဆိုခဲ့သည်။ သမ္မတပူတင်ကလည်း နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၂၄၀ ဘီလျံအထိ ရောက်ရှိသည်အထိ တိုးတက်လာမှုအပေါ် ချီးကျူးပြောဆိုခဲ့ပြီး တရုတ်နိုင်ငံသို့ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ပိုမိုတင်ပို့ ရောင်းချရန် ရည်မှန်းချက် ထားရှိကြောင်းလည်းပြောဆိုခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများအား စွမ်းဆောင်ရည်မြင့်မားအောင် အကူအညီပေးရေး၊ တရုတ်နိုင်ငံမြို့များကို သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် မြို့များဖြစ်စေရေး၊ ဈေးနှုန်းသက်သာသည့် စွမ်းအင်များရရှိစေရေး အကူအညီပေးရန် အဆင်သင့်ရှိကြောင်းလည်း သမ္မတပူတင်က ပြောဆိုခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံကြားမိတ်ဖက်ဖြစ်မှုသည် မည်သူ့ကိုမှ ဆန့်ကျင်ရန်မဟုတ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများ၏ သာယာဝပြောမှု တိုးတက်စေရေးနှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် အခင်းအကျင်းတစ်ခု ဖန်တီးရန်သာ ရည်ရွယ်ခြင်းဖြစ်သည်ဟု အနောက်နိုင်ငံများကို ရည်ညွှန်းပြီး ပြောဆိုခဲ့သည်။  

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ရုရှားမပါဘဲ ဆွေးနွေးပါက အလုပ်မဖြစ်နိုင်သည်ကို တရုတ်နိုင်ငံအနေဖြင့် နားလည်ကြောင်း ရုရှားသမ္မတပူတင်၏ နိုင်ငံခြားရေး မူဝါဒအကြံပေး Yuri Ushakov က ပြောကြားဖူးသည်။ ပေကျင်း၌ သမ္မတပူတင်နှင့် သမ္မတရှီကျင့်ဖျင်တို့တွေ့ဆုံသည့် အစည်းအဝေးတွင်လည်း ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း  Sergei Shoigu နှင့် လက်ရှိကာကွယ်ရေးဝန်ကြီး Andrey Belousov တို့ တက်ရောက်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦး သည် ယူကရိန်း စစ်ပွဲနှင့်ပတ်သက်၍ အဓိကကျသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။   

ရုရှားမီဒီယာများသည် သမ္မတပူတင်၏ တရုတ်နိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံကြား ခိုင်မာသည့် ဆက်ဆံ ရေးရှိကြောင်း အလေးပေးဖော်ပြခဲ့ကြသည်။ နှစ်နိုင်ငံဆက်ဆံရေး (၇၅)နှစ်ပြည့် မြောက်သည့်နှစ်လည်းဖြစ်သည်။ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပတ်သက်၍ နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်၏ နမူနာကောင်းတစ်ခုအဖြစ်ပင် ရည်ညွှန်းပြော ဆိုခဲ့ကြသည်။ တရုတ်နှင့်ရုရှားတို့သည် အာကာသနည်းပညာတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းနေကြသည်။ ရုရှားသည် အာကာသနည်း ပညာကဏ္ဍတွင် ဥရောပနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကိုရုပ်သိမ်းပြီး တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ ပဲပိစပ်အဓိကတင် သွင်းသည့် နိုင်ငံဖြစ်လာနိုင်ခြေရှိမှုနှင့်ပတ်သက်၍လည်း နှစ်နိုင်ငံစိုက်ပျိုးရေးပညာရှင်များကြား ဆွေး နွေးခဲ့ကြသည်။ လက်ရှိတွင် တရုတ်နိုင်ငံသို့ ပဲပိစပ် တင်သွင်းမှုမှာ ဘရာဇီးလ် နိုင်ငံက(၇၀)ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံက(၂၄)ရာခိုင်နှုန်းလွှမ်းမိုးထား သည်။ ရုရှားနိုင်ငံက တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးပို့ ကုန်တင်ပို့မှုကြောင့် တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ စားနပ် ရိက္ခာ တင်သွင်းမှုအပေါ် မှီခိုနေရ ခြင်းအား လျှော့ချကောင်း လျှော့ချလာနိုင်မည်ဖြစ်သည်။

တရုတ်နှင့် ရုရှားနိုင်ငံတို့သည် ၂၀ဝ၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ဒေသတွင်းဆိုင်ရာ နိုင်ငံ ရေး၊ စီးပွားရေးနှင့် လုံခြုံရေးအဖွဲ့အစည်း ဖြစ်သည့် Shanghai Cooperation Organization (SCO) အား ကမကထပြု၍ တည်ထောင် ခဲ့ကြသည့် နိုင်ငံများလည်းဖြစ်သည်။ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့သည်လည်း ၂၀၁၇ ခုနှစ်တွင်  SCO  အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ကြသည်။ အီရန်နိုင်ငံသည်လည်း ၂၀၂၃ ခုနှစ်တွင် တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ တရုတ်နှင့်ရုရှားနိုင်ငံ တို့အနေဖြင့် ဆက်စပ်ဒေသတွင်းတွင် တည်ငြိမ်မှုရှိစေရန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် တစ်ဖက်ကိုတစ်ဖက် ထောက်ပံ့ပေးမှု ပိုမိုမြှင့်တင်သင့်ကြောင်း SCO နိုင်ငံခြားရေးဝန်ကြီးများ ဘေးပန်းအစည်းအဝေးတွင် တရုတ်နိုင်ငံခြား ရေးဝန်ကြီးဝမ်ယိက ရုရှားနိုင်ငံခြားရေး လာဗရော့ကို ပြောဆိုခဲ့သည်။  SCO အတွင်းတွေ့ဆုံမှုသည် အဖွဲ့ဝင်နိုင်ငံများ၏ ဘုံအကျိုးစီးပွားအတွက်သာမက ဝင်ရိုးစုံကမ္ဘာယန္တရားလည်ပတ်မှု ဦးတည်ချက်နှင့်အတူ လိုက်ပါနိုင်ရန်အတွက်လည်း ရည်ရွယ်တွေ့ဆုံခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းဆိုင်ရာ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေအနေအားလုံးကို ပူးတွဲစောင့်ရှောက်ရန်၊ ပိုမိုတရားမျှတပြီး သင့်လျော်သည့် လမ်းကြောင်းတစ်ခုတွင် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုဖွံ့ဖြိုးရေးကို မြှင့်တင်ရန်အတွက် ရုရှားနိုင်ငံနှင့်လည်းကောင်း၊ SCO အဖွဲ့ဝင်နိုင်ငံများနှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေသည်။ နှစ်နိုင်ငံ သံတမန်တို့သည် ကိုရီးယားကျွန်းဆွယ်အခြေအနေ၊ ပင်လယ်နီဒေသတွင် ဖြစ်ပေါ်နေမှုများ၊ အရှေ့အလယ်ပိုင်းငြိမ်း ချမ်းရေးဖြစ်စဉ်အပါအဝင် အရေးကြီးကိစ္စရပ် အတော်များများအပေါ်တွင်လည်း အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတင်း ထုတ်ပြန်ခဲ့သည်။ 

အင်ဒိုပစိဖိတ်ဒေသတွင် အမေရိကန်ဦးဆောင်သည့် ထိန်းချုပ်ရေးမူဝါဒကို တန်ပြန်ရန်အတွက် တရုတ်နိုင်ငံက လည်း ဗဟိုအာရှနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ဦးတည်ကြိုးပမ်းလာခဲ့သည်။ အဆိုပါ ဗဟိုအာရှနိုင်ငံများသည် စွမ်းအင်အရင်းအမြစ် ကြွယ်ဝသည်ဟု တရုတ်နိုင်ငံက ယူဆထားသည့်ဒေသများဖြစ်သည်။ သို့ဖြစ်ရာ တရုတ်နိုင်ငံ အနောက်ပိုင်း ရှန်ကျန်းဒေသတည်ငြိမ်ရေး ထိန်းသိမ်းရန်အတွက်ဖြစ်စေ၊ စွမ်းအင်ဖူလုံရေးနှင့်ကုန်သွယ်ရေး တိုးချဲ့ရန် အတွက်ဖြစ်စေ အရေးကြီးသည့်နိုင်ငံများလည်းဖြစ်သည်။ သမ္မတရှီကျင့်ဖျင်သည် ၂၀၂၃ ခုနှစ်အတွင်းကလည်း ဆိုဗီ ယက်အဖွဲ့ ဝင်နိုင်ငံဟောင်းများဖြစ်ကြသည့် ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် တာ့ခ်မင်နစ္စတန် နိုင်ငံတို့ မှ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။  

အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီကမူ သမ္မတပူတင်နှင့် သမ္မတရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုအပေါ် အရေးမကြီးသည့်ပုံစံမျိုး ပြောထားသည်။ နှစ်နိုင်ငံလုံးသည် အမေရိကန်တို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်သောနည်းလမ်းများကို ဆောင်ရွက်နေကြသော်လည်း ၎င်းတို့နှစ်နိုင်ငံသည် တစ်နိုင်ငံအပေါ်တစ်နိုင်ငံက မယုံ ကြည်မှုမှာ ရှည်လျားသော သမိုင်းကြောင်းရှိခဲ့သည်ဟု ဂျွန်ကာဘီကဆိုသည်။ မကြာသေးမီလပိုင်းအတွင်းက အမေရိ ကန်ထောက်လှမ်းရေး၏ တွေ့ရှိချက်များကို ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံသည် ရုရှား နိုင်ငံသို့ မစ်ဆိုင်းဒုံးကျည်၊ တင့်ကား၊ လေယာဉ်နှင့်အခြားလက်နက်များ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် စက်ပစ္စည်း အစိတ်အပိုင်းများ၊ မိုက်ခရိုအီလက်ထရွန်နစ်များနှင့် အခြားနည်းပညာမြင့်ပစ္စည်းများ တိုးမြှင့်ရောင်းချနေသည်ဟု အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာကို ကိုးကားပြောဆိုခဲ့သည်။ 

ဥရောပခေါင်းဆောင်များသည် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားကိုဖျောင်းဖျရန် တရုတ်နိုင်ငံကိုဖိအားပေး ခဲ့သော်လည်း အရာမထင်ဖြစ်ခဲ့သည်။ တရုတ်-ရုရှားဆက်ဆံရေးတွင် မဟာဗျူဟာ မြောက်အကျိုးစီးပွားများ ရှိနေသည်။ အထူးသဖြင့် နှစ်နိုင်ငံလုံးသည် ဥရောပနှင့်သာမက၊ အမေရိကန်နှင့်ပါ ဆက်ဆံရေးတင်းမာနေသည့်ချိန်ဖြစ်သည်ဟု လေ့လာသူများကဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံကိုပေးနေသည့်အကူအညီများ ဖြတ်တောက်ခြင်း အပါအဝင် ကိစ္စရပ်အတော်များများအပေါ်တွင် လိုက်လျောခဲ့သည့်တိုင် အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကို ပြိုင်ဘက် သဘောထားခြင်းမှာ ပြောင်းလဲနိုင်ဖွယ်မရှိပါဟု  Singapore's Nanyang Technological University ရှိ တရုတ် နိုင်ငံခြားရေးမူဝါဒလေ့လာသူ  Hoo Tiang Boon က ယူဆသည်။ တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံတို့သည် အရေးအယူ အလျှော့အတင်းပြုလုပ်ရန်အတွက် မက်လုံးမရှိကြဟု Hoo Tiang Boon က ယူဆခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားကို ပြစ်တင်ရှုတ်ချခြင်းမရှိဘဲ ကြားနေအဖြစ်ရပ်တည်ခဲ့ သည်။ တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနှင့်ပတ်သက်၍ အချက် (၁၂)ချက်ပါ ငြိမ်းချမ်းရေး အစီအမံ ကိုလည်း ထုတ်ပြန်ခဲ့သည်။ သမ္မတဇဲလန်းစကီးကမူ မည်သည့် စေ့စပ်ညှိနှိုင်းမှုမဆို နိုင်ငံ၏နယ်မြေများ ပြန်လည်ရရှိ ရေး၊ ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားတပ်ဖွဲ့များ ရုပ်သိမ်းရေး၊ အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ယူကရိန်းကို တိုက်ခိုက်ခဲ့ခြင်းအတွက် တာဝန်ရှိသူများကို တရားစီရင်ရေးနှင့် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ရှိရမည် စသည့် အချက်များ ပါရှိရမည်ဟုဆိုသည်။ 

သမ္မတရှီကျင့်ဖျင်နှင့် သမ္မတပူတင်တို့သည် တစ်နှစ်တစ်ကြိမ် တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်သွားရောက် လည်ပတ်ကြမည်ဟု ကတိကဝတ် ရှိထားသကဲ့သို့ ဖြစ်နေသည်။ သမ္မတပူတင်နှင့် သမ္မတရှီကျင့်ဖျင်တို့၏ တွေ့ဆုံမှုသည် နှစ်လခန့်အကြာတွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံကြခြင်းဖြစ်သည်။ လာမည့်အောက်တိုဘာလ ရုရှားနိုင်ငံတွင် ကျင်းပမည့် BRICS ထိပ်သီးဆွေးနွေးပွဲတွင် ထပ်မံဆုံတွေ့ကြဦးမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားတပ်ဖွဲ့ဝင် များကို ယူကရိန်းသို့ မစေလွှတ်မီတွင် နှစ်နိုင်ငံဆက်ဆံရေးမှာ အကန့်အသတ်မရှိ မိတ်ဖက်ဖြစ်မှု “no limits” partnership အဖြစ် နှစ်နိုင်ငံခေါင်းဆောင်များက ကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လတွင် သမ္မတရှီကျင့်ဖျင် ရုရှားနိုင်ငံသို့သွားရောက်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးမှာ ခေတ်သစ် “New Era” သို့ ရောက်ရှိနေပြီဟု ဖော်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် သမ္မတပူတင် တရုတ်နိုင်ငံသို့ရောက်ရှိခဲ့ရာ သမ္မတရှီကျင့်ဖျင်က ၎င်းတို့ကြား ဆက်ဆံရေး မှာ လေးနက်သော မိတ်ဆွေဖြစ်မှု “ deep friendship ” အဖြစ်ဖော်ပြခဲ့သည်။ ယခုတစ်ခေါက်  ၂၀၂၄ ခုနှစ် မတ်လ  သမ္မတပူတင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် မဟာဗျူဟာမြောက်မိတ်ဖက် ဖြစ်မှု “Strategic partnership” အဖြစ် ဖော်ကျူး ခဲ့ပြန်သည်။

ရုရှားနိုင်ငံသည် တရုတ်နှင့်ဆက်ဆံရေး ပိုမိုနီးကပ်လာပြီး ၎င်း၏ စွမ်းအင်အများစုကို တရုတ်နိုင်ငံသို့တင်ပို့ နေသည်။ ရုရှားနိုင်ငံသည် ဒဏ်ခတ် ပိတ်ဆို့မှုများကြားမှပင် ၎င်း၏ စစ်ဘက်လုပ်ငန်းများအတွက် တရုတ်ကုမ္ပဏီများ ထံမှ နည်းပညာမြင့် အစိတ်အပိုင်းများကို တင်သွင်းနေသည်။ နှစ်နိုင်ငံတို့သည် စစ်ရေးအရဆက်ဆံမှုတွင် နက်နက် ရှိုင်းရှိုင်းရှိလာသည်။ အရှေ့တရုတ်ပင်လယ်နှင့် ဂျပန်ပင်လယ်တို့တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာကြသည်။ ထို့ပြင် နှစ်နိုင်ငံပိုင်နက်နယ်မြေတို့တွင်လည်း မြေပြင်တပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လာကြသည်။

နှစ်နိုင်ငံခေါင်းဆောင်တို့သည် အမေရိကန်ကြီးစိုးမှုကို တန်ပြန်ရန်အတွက် ဝင်ရိုးစုံကမ္ဘာပေါ် ပေါက်ရေး ကြိုးပမ်းရမည်ဟု မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိကြသည်။ နှစ်နိုင်ငံလုံးသည် ဝင်ရိုးစုံ ကမ္ဘာသစ်တွင် အရေးပါသည့် ပလေယာများဖြစ်လာစေရေးအတွက်လည်း ကြိုးပမ်းနေကြသည်။ တရုတ်-ရုရှားဆက်ဆံရေးသည် အတိတ်ကာလက မည်သို့ သောမယုံကြည်မှုများပင် ရှိစေကာမူ ယခုအခါတွင် အကန့်အသတ်မရှိ မိတ်ဖက်ဖြစ်မှုမှသည် မဟာဗျူဟာ မြောက်မိတ်ဖက်အဖြစ်သို့ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ရာ နှစ်နိုင်ငံရည်မှန်းချက်ဖြစ်သည့် ဝင်ရိုးစုံ ကမ္ဘာပုံဖော်ရေးအတွက် မည်သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြမည်ဆိုသည်ကို စောင့်ကြည့်ရမည်သာဖြစ်သည်။



Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်တွင်းရှိ နေရာအချို့သို့ Adventure Trip ပါဝင်သော ညအိပ် Camp ခရီးစဉ် စီစဉ်ပေးရန် ပြည်ပခရီးသွားများက တောင်းဆိုမှုရှိနေ

RECENT POSTS
ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော
16 Oct 2024
ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို
16 Oct 2024
လူမှုကွန်ရက် TikTok ကို အများဆုံးအသုံးပြု၍ မြန်မာအမျိုးသမီးများကို ငွေကြေးမက်လုံးပေးကာ တရုတ်မယားအဖြစ်ရောင်းစားရန် ဖြားယောင်း သွေးဆောင်သူ ပွဲစားများ ပေါ်ပေါက်နေ
16 Oct 2024
အမေရိကန်က ဒေါ်လာကို လက်နက်တစ်ခုအဖြစ်အသုံးချနေကြောင်း အမေရိကန် စီးပွားရေး ပညာရှင်တစ်ဦး ဝေဖန်
16 Oct 2024
စက်သုံးဆီကို စမတ်ကတ်ဖြင့်ရောင်းချပေးရန် စီစဉ်ထားသော်လည်း လိုသလောက် ရောင်းပေးမည်
16 Oct 2024
သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းကလေးငယ်တွေအတွက် ဝမ်သန်း(၁၀ဝ) လှူဒါန်းခဲ့တဲ့ ကင်ယိုဂျန်
16 Oct 2024
ခေတ်ကာလနှင့် သတင်းသမားများ ဘဝ
16 Oct 2024
Emoji ဒရုန်းပြပွဲ ဖန်တီးခဲ့ပြီး ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်ခဲ့သည့် ကင်ဆာရောဂါသည် ဗြိတိန်အမျိုးသား
16 Oct 2024
NUG ကိုဖယ်ထုတ်ပြီး လက်နက်ကိုင်များ တပ်ပေါင်းစု စုဖွဲ့ကြရန်ဆိုသော အမြင်တစ်ခု တော်လှန်ရေးအင်အားစုများအကြား ပေါ်ပေါက်နေ
16 Oct 2024
ရန်ကုန်-ဒလတံတားစီမံကိန်း သတ်မှတ်ကာလအတွင်း မပြီးစီးရခြင်းမှာ တောင်ကိုရီးယားနှင့် တရုတ်ကုမ္ပဏီတို့ကြောင့် ဖြစ်နေ
16 Oct 2024
ထိုင်ဝမ်အပေါ် အင်အားသုံးမှုကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရသတင်းထုတ်ပြန်
16 Oct 2024
ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုအရှိန်တွေမြင့်တက်လာတာနဲ့ပတ်သက်ပြီး ဂျပန်အစိုးရသတိပေး
16 Oct 2024
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီး(၂)ဦးပွဲချင်းပြီး သေဆုံး
16 Oct 2024
“ ဝ ” ဒေသသည် အစိုးရ၏ ကွပ်ကဲမှုအောက်တွင် လွတ်မြောက်နေလျက်ရှိပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိရန် တိုက်တွန်းမှုများရှိနေ
16 Oct 2024
အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏ မိတ်ဖက်နိုင်ငံများအတွက် သတိ ပေးချက်တစ်ခုကို အီရန်ထုတ်ပြန်
16 Oct 2024
လင်မယားစကားများရန်ဖြစ်ရာမှ ဖခင်က ဇနီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား
16 Oct 2024
‘‘ ပြည်ပြေးဒေါင်း ဒုက္ခသည်အဖြစ် လွတ်လပ်စွာ သွားလာခွင့်ရနေသလား ’’
07 Oct 2024
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများမှ အနောက်တောင်မုတ်သုံလေဆုတ်ခွာသွားပြီဟု မိုးဇလထုတ်ပြန်
07 Oct 2024
ကျောက်ဖြူမြို့နယ်ရှိ ဝက်အင်းနဂါးရွှံ့မီးတောင်မှာ (၉)နှစ်တာကာလအတွင်း (၆)ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပွား
07 Oct 2024
တောင်ပေါ်မြေက ရေဘေးပြန်လည်ထူထောင်ရေးနဲ့ ပရဟိတသမားဘဝ (အင်တာဗျူး)
07 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved