အိန္ဒိယသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၉၉) ဘီလျံတန်ဖိုးရှိ ဒရုန်းများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အိန္ဒိယနိုင်ငံသို့ အမေရိကန်ဒေါ်လာ(၃ ဒသမ ၉၉) ဘီလျံတန်ဖိုးရှိ လက်နက်တပ်ဆင်နိုင်သော MQ-9B SkyGuardian ဒရုန်း(၃၁)စင်းအပြင် ဒရုန်းနှင့်ဆက်စပ်သော ဒုံးကျည်များ၊ စက်ပစ္စည်းများကို ရောင်းချရန် အတည်ပြုခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် အမေရိကန်နိုင်ငံထံမှ လက်နက်တပ်ဆင်နိုင်သော ဒရုန်းများ ဝယ်ယူရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အမေရိကန်ဖက်မှ ကာလရှည်ကြာ မီးစိမ်းပြခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဖေဖော်ဝါရီလ(၁)ရက် ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံသို့ ဒရုန်းများရောင်းချရန် အတည်ပြုချက်မှာ သေချာသည့်အရာတစ်ခုဖြစ်ကြောင်း မဆိုလိုသော်လည်း ယခင် အချိန်များထက် တိုးတက်မှုများကို ပြသနိုင်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံသည် ထောက်လှမ်းရေးနှင့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် MQ-9Bs ဒရုန်း အနည်းငယ်ကို ငှားရမ်းအသုံးပြုမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ အဆိုပါသဘောတူညီချက်တွင် ခေတ်မီသော ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေးကိရိယာများ၊ AGM-114R Hellfire ဒုံးကျည်အစင်းရေ(၁၇ဝ) နှင့် Laser Small Diameter Bombs (၃၁ဝ) လုံးတို့ ပါဝင်ကြောင်းလည်း သိရသည်။
General Atomics Aeronautical Systems ကုမ္ပဏီသည် အဆိုပါသဘောတူညီမှုအတွက် အဓိက ကန်ထရိုက်တာ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ်၏ ကာကွယ်ရေး လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီသည် အဆိုပါအလားအလာရှိသောရောင်းချမှုကို ဖေဖော်ဝါရီလ(၁)ရက် တွင် လွှတ်တော်သို့အကြောင်းကြားခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားအစိုးရက အနောက်ဖက်ပင်လယ်ထဲသို့ ခရုဇ်ဒုံးကျည်အများအပြားကို ထပ်မံပစ်လွှတ်
RELATED POSTS
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
29 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ