မရမ်းကုန်းမြို့နယ်၌ ကားတစ်စီးက စက်ဘီးမောင်းနှင်လာသည့် လူငယ်တစ်ဦးကို ဝင်တိုက်မိခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့
စော၊ သန့်ဇင် ( NSS) - ဇန်နဝါရီ ၂၄
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ကားတစ်စီးက စက်ဘီးမောင်းနှင်လာသည့် လူငယ်တစ်ဦးကို ဝင်တိုက်မိခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၂၄ ရက်)၊ ညနေ ၃နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၆)ရပ်ကွက်၊ ပြည်လမ်းရှိ ရှစ်မိုင်ဂုံးကျော်တံတားအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။
“ပြည်လမ်းကို စက်ဘီးနဲ့ ဖြတ်ကူးလာတဲ့အချိန်မှာ နောက်ကနေ လာတဲ့ အိမ်စီးကားက ဝင်တိုက်မိတာပါ။ လမ်းပေါ်ကိုပြုတ်ကျသွားတော့ ခေါင်းမှာ ထိခိုက်ဒဏ်ရာရပြီး ကွယ်လွန်သွားတယ်ပြောလို့ရပါတယ်။ ကားလည်းရှိတယ်။ ကားမောင်းတဲ့လူလည်း ရှိပါတယ်။ သူတို့က သက်ဆိုင်ရာယာဉ်ထိန်းအဖွဲ့တွေနဲ့ ရှင်းလင်းတာတွေ လုပ်နေပါတယ်။ အတိုက်ခံရတဲ့လူက အသက် (၂၀)လောက်ပဲ ရှိမယ်ထင်တယ်”ဟု အထက်ပါအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါလူငယ်အမျိုးသားမှာ အသက် (၂၀)ဝန်းကျင်အရွယ်ခန့်ရှိပြီး ၎င်း၏ မည်သည့်အချက်အလက်ကိုမျှ မသိရှိရသေးသည့်အပြင် မိသားစုနှင့်လည်း အဆက်အသွယ်မရရှိသေးကြောင်း ၎င်းက ဆက်လက် ပြောသည်။လက်ရှိတွင် ၎င်း၏ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ အင်းစိန်လမ်းမပေါ်၊ ဘုရားလမ်းမှတ်တိုင်အနီး၌ ယနေ့ နံ နက် ၅နာရီ ၁၀မိနစ်အချိန်တွင် ကားလမ်းဖြတ်ကူးနေသည့် အမျိုးသားတစ်ဦးကို ကားတစ်စီးက တိုက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း အထက်ပါအသင်းထံမှ သိရသည်။
“ကားလမ်းဖြတ်ကူးနေတဲ့ အမျိုးသားကို ကားက မနက်ဆိုတော့ မမြင်ပဲဝင်တိုက်မိတာပေါ့။ ကားကလည်း ဝင်တိုက်ပြီး မဖြေရှင်းပဲ မောင်းပြေးသွားပါတယ်” ဟု ၎င်းအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၄၀)နှစ်အရွယ်ဝန်းကျင်ရှိ အမျိုးသားတွင် ဦးခေါင်းပေါက်ဒဏ်ရာ၊ ခြေလက်ပွန်းပဲ့ဒဏ်ရာနှင့် အခြားထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီပေါမြို့နယ်၌ မိုင်းပေါက်ကွဲမှုကြောင့် လူ(၂)ဦး ဒဏ်ရာပြင်းထန်စွာရရှိ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း