ရန်ကုန်-မန္တလေးအမြန်လမ်း၌ ၂ဝ၂၃ ခုနှစ်တစ်နှစ်အတွင်း ယာဉ်တိုက်မှုပေါင်း (၁၆၀)ကျော် ဖြစ်ပွားခဲ့ရာ လူ (၉ဝ) နီးပါး သေဆုံးခဲ့
စော (NSS) - ဇန်နဝါရီ ၉
ရန်ကုန်-မန္တလေးအမြန်လမ်း၌ တစ်နှစ်အတွင်း ယာဉ်တိုက်မှုပေါင်း (၁၆ဝ)ကျော် ဖြစ်ပွားခဲ့ရာ လူပေါင်း (၉ဝ)နီးပါး သေဆုံးခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အမြန်လမ်း၌ ယာဉ်တိုက်မှု အကြိမ်ရေ (၁၆၃)ကြိမ်ဖြစ်ပွားခဲ့ရာ အမျိုးသား (၆၂)ဦး နှင့် အမျိုးသမီး (၂၄)ဦး စုစုပေါင်း (၈၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းယာဉ်တိုက်မှုများကြောင့် မျိုးသား (၁၈၀)ဦး နှင့် အမျိုးသမီး (၁၄၆)ဦး စုစုပေါင်း (၃၂၆)ဦးတို့သည်လည်း ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့က အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကို အမှုတစ်မှုချင်းစီကို သုံးသပ် ပြီးတော့ တင်ပြရတာရှိပါတယ်။ အဲဒီအခါမှာ ခေါင်းစဉ်ကြီး (၄)မျိုးပေါ့။ လူကြောင့်လား၊ ယာဉ်ကြောင့်လား၊ လမ်းကြောင့်လား၊ ရာသီဥတုကြောင့်လားဆိုပြီးရှိတယ်။ လူကြောင့်ဆိုရင်လည်း ခေါင်းစဉ်ကွဲတွေ အများကြီးရှိ တယ်။ ဖြစ်ခဲ့တဲ့ယာဉ်မတော်တဆမှုဖြစ်စဉ်တွေမှာ အများဆုံးကတော့ ယာဉ်မောင်းရဲ့မဆင်မခြင်ပေါ့လျော့စွာနဲ့ အရှိန်ပြင်းပြင်းမောင်းနှင်တာတွေကြောင့် ဖြစ်တဲ့ဖြစ်စဉ်ကများပါတယ်” ဟု နေပြည်တော်ရှိ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ပြီးခဲ့သည့် (၂ဝ၂၂) ခုနှစ်အတွင်း ယာဉ်တိုက်မှုအကြိမ်ရေ (၁၆၉)ခု ဖြစ်ပွားခဲ့ရာ လူသေဆုံးမှုအနေဖြင့် (၅၇)ဦးရှိခဲ့ပြီး လူ (၂၈ဝ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လမ်းအခြေအနေကြောင့်လည်းပါတယ်။ လမ်းအပြစ်တွေပေါ့။ ယာဉ်မောင်း ပေါ့ဆတာကြောင့်လည်း ပါတယ်။ လမ်းအခြေအနေကြောင့်ဆိုတာက လမ်းတွေမညီဘူး။ လမ်းတွေကတော့ ပြင်နေပါတယ်။ ယာဉ်မောင်း အိပ်ငိုက်ပြီးတော့ ကားဘီးတွေပေါက်၊ သစ်ပင်တွေဝင်တိုက်တာ အဲဒီလိုမျိုးတွေ ဖြစ်တာများပါတယ်” ဟု အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အမြန်လမ်း၌ ၂ဝ၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုသည် ၂ဝ၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည် ယာဉ်တိုက်မှုအကြိမ်အရေအတွက် လျော့နည်းခဲ့သော်လည်း လူသေဆုံးမှု နှင့် ထိခိုက်ဒဏ်ရာရရှိမှုသည် ပိုမိုများပြားလာခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်နိုင်ငံတွင် ပိုလီယိုကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကိုပစ်မှတ်ထားသည့် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ ဝင် အနည်းဆုံး(၅)ဦး သေဆုံး
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း