ကညွတ်ကွင်းမြို့အနီးရှိ လုံခြုံရေးစခန်းများအား KNLA ၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ပြီးနောက် တံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့
Pearl (NSS) - ဇန်နဝါရီ ၄
ကညွတ်ကွင်းမြို့အနီးရှိ လုံခြုံရေးစခန်းများအား KNLA ၊ PDF ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ပြီးနောက် တံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီး သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ တောင်ဂုန်းတဲကျေးရွာအနီးရှိ လုံခြုံရေးစခန်းများအား ယနေ့ (ဇန်နဝါရီလ ၄ ရက်) ၊ နံနက် (၃)နာရီခန့်တွင် KNLA ၊ PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ကုန်းတဲဘုန်းကြီးကျောင်းအား KNLA ၊ PDF ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးသွားခဲ့သည့်အပြင် နံနက် (၅)နာရီ (၂၀) မိနစ်အချိန်ခန့်တွင် ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းကြား၊ ရန်ကုန် - မန္တလေးလမ်းဟောင်းရှိ ဒေသခေါ် သံတံတား တစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
"မနက် (၃)နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ (၅)နာရီ (၂၀)မှာ တံတားမိုင်းခွဲခံရတယ်။ ဒေသခေါ်ကတော့ သံတံတားပေါ့။ ဒေသခံပြည်သူတွေပဲ သုံးတဲ့ တံတားပါ။ အခုတော့ ကားတွေ သွားလို့မရတော့ဘူး။ ပြီးတော့ တောင်ကုန်းတဲ ဘုန်းကြီးကျောင်းကိုလည်း ကရင်တွေ မီးရှို့သွားတယ်။ လောလော ဆယ်တော့ တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်" ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
တံတား မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် လူ နှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။
လက်ရှိတွင် ကညွတ်ကွင်းမြို့အနီးတစ်ဝိုက်တွင် တပ်မတော်ဘက်မှ နယ်မြေရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
တံတားမိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်-မန္တလေးလမ်းဟောင်းမှ ကုန်တင်ကားများ သွားလာ၍မရတော့သည့်အတွက် အမြန်လမ်းမှ ဖြတ်သန်းခွင့်ပေးထား ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲကာလသမိုင်းတစ်လျှောက် အကြီးမားဆုံး အကျဉ်သားလဲလှယ်မှုတွေ ပြုလုပ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ