လွိုင်ကော်မြို့ကို (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် တိုက်ပွဲဖော်နေသည့် KNDF က နောက်တစ်လှိုင်း ထပ်လာမည်ဟု ထုတ်ဖော်အသိပေး
မြူနစ် (NSS) - ဒီဇင်ဘာ ၂၃
ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို (၁၁.၁၁ စစ်ဆင်ရေး) အမည်ဖြင့် တိုက်ပွဲဖော်နေသည့် KNDF က နောက်တစ်လှိုင်း ထပ်လာမည်ဟု ထုတ်ဖော်အသိပေးထားသည်။
KNDF ၏ ဒုစစ်ဦးစီးချုပ်ဆိုသူ မာဝီက ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အထက်ပါကဲ့သို့ ထုတ်ဖော်အသိပေးထားခြင်းဖြစ်သည်။
“လူထုနဲ့ပူးပေါင်းပြီးတော့ လက်နက်ချမလား။ ချေမှုန်းခံမလား။ အဲဒီ(၂)လမ်းရှိတယ်။ ကြိုက်တဲ့လမ်းရွေး။ နောက်တစ်လှိုင်း ထပ်လာမယ်။ ချေမှုန်းခံမယ်ဆိုရင်တော့ Ready လုပ်ထားပါ”ဟု မာဝီက ပြောကြားထား သည်။
ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလာမှုသည် တပ်မတော်အား တရားဝင်စိန်ခေါ်ခြင်းဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။
KNDF ပါဝင်သော ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် ပြီးခဲ့သော နိုဝင်ဘာလ ၁၁ ရက်မှစတင်ကာ (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် လွိုင်ကော်မြို့နှင့်တစ် ဝိုက်ရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးကာလသည် လက်ရှိ၌ ရက်ပေါင်း (၅၀) ကျော်လာပြီဖြစ်သော်လည်း နှစ်ဖက်ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိသည်။
“လွိုင်ကော်ကတော့ ပြီးခဲ့တဲ့ရက်က ထောင်နားမှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ငြိမ်နေတယ်။ ဒါပေမယ့် မြို့ထဲမှာတော့ နည်းနည်းပါးပါးတော့ လုံခြုံရေးအဖွဲ့ဝင်တွေကို စနိုက်ပါနဲ့ လာရောက်ပြီးတော့မှ ချောင်းမြောင်းပစ်ခတ်တာတော့ရှိတယ်။ အင်နဲ့အားနဲ့ တိုက်တာတော့ မရှိသေးဘူး။ သူတို့ကတော့ ပြောလို့တော့ မရဘူးလေ။ ခရစ်စမတ်အမီ၊ ခရစ်စမတ်အပြီး၊ နောက် Happy New Year အဲဒီကာလမှာတော့ တစ်ပွဲလောက် လာအုံးမယ်ထင်တာပဲ”ဟု လွိုင်ကော်မြို့ခံတစ်ဦးက NSS ကို ပြောသည်။
၎င်းစစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ဒေသခံအများစုသည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေလျက်ရှိသကဲ့သို့ လူနေအိမ်များ၊ ဈေးများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦးများသည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေလျက်ရှိသည်။
“ရပ်ကွက်တိုင်းလိုလိုမှာ လက်နက်ကိုင်အဖွဲ့တွေက ဝင် နေပြီး တိုက်ခိုက်နေတော့ တစ်ဖက်ကလည်း ပြန်ပစ်တာပေါ့။ မြို့ပေါ် အနှံ့လိုလိုမှာ ဝင်နေတာလေ။ ရပ်ကွက်တိုင်းလိုလိုမှာ လက်နက်ကြီးတွေက ကျတယ်။ အဲဒီလိုကျတော့ အိမ်တွေက တော်တော်များများ ပျက်စီးသွားပြီလေ။ ကျွန်တော် ထင်ပါတယ်။ ၄ ပုံ ၃ ပုံလောက်က တော့ ပျက်စီးသွားပြီ။ အဆောက်အဦးတွေ ကျိုးကြေနေတာတွေ ရှိတယ်။ မီးလောင်တာတွေ ရှိတယ်။ မီးလောင်တယ်ဆိုတော့ အတွင်းပစ္စည်းတွေလည်း ကုန်တာပေါ့ဗျာ” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြီးခဲ့သောရက်ပိုင်းအတွင်း၌ NSS ကို ပြောကြားခဲ့ဖူးသည်။
KNDF အပါအဝင် ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့များ ဖော်ဆောင်သော (၁၁.၁၁ စစ်ဆင်ရေး)ကြောင့် လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ်၊ ခရိုင်တရားရုံး၊ သီရိမင်္ဂလာ(တောင်ဈေး)၊ ဌာနဆိုင်ရာအဆောက်အဦးနှင့် ပြည်သူလူထုပိုင်နေအိမ် အများအပြားသည် ပျက်စီးထိခိုက်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်နှင့် ကျောက်သယ်ကားတို့တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ