မြောက်ဦးမြို့ရှိ ကိုးသောင်းဘုရားအနီးတွင် တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲဖြစ်ပွား
Pearl (NSS) - ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ကိုးသောင်းဘုရားအနီးတွင် တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တပ်မတော်လုံခြုံရေးတပ်ဖွဲ့ နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ တို့ သည် ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်) ၊ ညနေ (၃)နာရီ အချိန်ခန့်တွင် မြောက်ဦးမြို့၊ ကိုးသောင်းဘုရားအနီးတွင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသေးကြောင်း မြောက်ဦးမြို့ရှိ လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက NSS ပြောသည်။
"မြောက်ဦး ကိုးသောင်းဘုရားနားမှာဖြစ်တာ။ (၃)နာရီ ၊ (၁၅) လောက်ကတည်းကစဖြစ်တာ။ ခုချိန်ထိပဲ ။ AA ဘက်က အင် အား ၁၀၀ လောက်နဲ့ ထိတွေ့မှုဖြစ်တာ။ ကိုးသောင်းဘုရားဆိုတာ မြို့ဝင်နားလေးပဲ။ မြောက်ဦးမှာ တပ်ရင်း ၂ ရင်းရှိတယ်လေ။ အဲဒီအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်နေတာ"ဟု ၎င်းက ဆက် လက်ပြောသည်။
လက်ရှိတွင်လည်း တပ်မတော်လုံခြုံရေးအဖွဲ့နှင့် ရခိုင်လက်နက် ကိုင်အဖွဲ့ AA ကြား ဆက်လက်တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် နှင့် မင်းပြားမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး တစ်ကျော့ပြန်စစ်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့သည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့တွင် တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက် မှစတင်ကာ (၁၀၂၇ စစ်ဆင် ရေး) အမည်ဖြင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသများရှိ လုံခြုံရေးစခန်းများကိုလည်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ရာတွင်လည်း ပူးပေါင်းပါဝင်ခဲ့သည်။
တပ်မတော်နှင့် အဆိုပါမြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့တို့အကြား (၁)လကျော်ကြာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၏ ကြားဝင်ကူညီပေးမှုဖြင့် တရုတ်နိုင်ငံ၌ နစက၏ NSPNC နှင့် မြောက်ပိုင်း မဟာမိတ် (၃)ဖွဲ့ ၏ တာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ထိုသို့ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့၏ တွေ့ဆုံဆွေး နွေးမှုရလာဒ် တိုးတက်မှုအပေါ် မူတည်ကာ ယခု ဒီဇင်ဘာလကုန်ပိုင်းတွင် နှစ်ဖက်အကြား ထပ်မံဆွေးနွေးသွားရန်ရှိကြောင်း လည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၁၃ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း